
လက်နက်ကိုင် ၅၀၀ ကျော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အလင်းဝင်တယ်ဆိုတဲ့သတင်းဟာ ပြည်သူတွေ စိတ်ဓာတ်ကျအောင် စစ်ကောင်စီက ဝါဒဖြန့်တာဖြစ်တယ်လို့ မန္တလေး ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ အာရက္ခတပ်တော် (AA) တို့ အပါအဝင် တော်လှန်ရေးလက်နက်ကိုင် အစုအဖွဲ့အသီးသီးက အလင်းဝင်တဲ့သူ ၅၀၀ ကျော်ကို လက်ခံကြိုဆိုတဲ့ အစီအစဉ်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ရေးပြကွင်းမှာ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေက မတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
အဲဒီအစီအစဉ်မှာ လက်နက် ၁၀၀ ဝန်းကျင်၊ ခဲယမ်း ၆,၀၀၀ ကျော်၊ အလင်းဝင်ရောက်လာသူ အမျိုးသား ၄၅၃ ယောက်၊ အမျိုးသမီး ၅၃ ယောက် စုစုပေါင်း ၅၀၆ ယောက်တို့ကို စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးတို့ လက်ခံကြိုဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ငါန်းဇွန်မြို့နယ် ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “သေနတ် ၇၈ လက်၊ အမျိုးသမီး ၅၃ ဦးနဲ့ အမျိုးသား ၄၅၃ ဦး၊ အဲ့လောက်ကြီးကတော့ မဖြစ်နိုင်ပါဘူးဗျာ။ AA ကလည်း အဖွဲ့အစည်း အသေးလေးမှ မဟုတ်တာကြီးကို။ AA က ဗမာလည်းမဟုတ်ဘူးလေ။ အဲဒါကြောင့် သူတို့အနေနဲ့ကတော့ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်စရာအကြောင်းကို မရှိဘူး။ ဗိုလ်နဂါးတောင် အလင်းဝင်သွားတာတောင် သူ့တဖွဲ့လုံး သဘောပြောပြတာ ဝင်မယ်ဆို သူခေါ်သွားမှာပေါ့။ မဖြစ်နိုင်ပါဘူး၊ စစ်အင်အား ၅၀၀။ ကျနော်တို့ဘက်က အလင်းဝင်တယ် ဘာညာဆိုလည်း တယောက်စ နှစ်ယောက်စ ရှိတာပါ၊ သူတို့ပြောတဲ့ ရာဂဏန်း ဘာညာ မရှိပါဘူး။ ဒီတနှစ်လုံးပေါင်းလို့ ချုပ်ရေမယ်ဆိုရင်တောင်မှ အလွန်ဆုံးရှိမှ ၁၀- ၁၅ ပေါ့ အဲဒီလောက်ပါပဲ။ ဝါဒဖြန့်ရုံသက်သက် ရှိမှာပါ၊ ကျနော်တို့ဘက်ကတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့လည်း မြေပြင်မှာ လက်တွေ့ လုပ်ငန်းလုပ်နေတာဆိုတော့ အဲဒီလောက်ကြီးလည်း မကြားဖူးဘူး၊ မြင်လည်းမမြင်ဖူးဘူး၊ ရှိလည်းမရှိဘူး။ သူတို့ဝါဒဖြန့်တာတော့ စိတ်ဓာတ်ကျမလား ဆိုပြီးတော့ ဝါဒဖြန့်တာပေါ့။ ကျနော်တို့အနေနဲ့ကတော့ စိတ်ဓာတ်ကတော့ မကျပါဘူး၊ သူ့ဟာသူ ဘယ်လောက်ပဲ ဝါဒဖြန့်ဖြန့် မှန်မှ မမှန်တာကြီးကို” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ အကူအညီနဲ့ မန္တလေးတိုင်းထဲက စစ်ကောင်စီအခြေစိုက် စခန်းအများစုကို ဒေသကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ နှစ်ကုန်ပိုင်းမှာ ဆုံးရှုံးထားတဲ့ စခန်းတွေနဲ့ မြို့တွေကို တရုတ်အစိုးရရဲ့ အကူအညီနဲ့ စစ်ကောင်စီက ပြန်ထိန်းချုပ်ခဲ့တာပါ။
မြေပြင် စစ်ရေးဖိအားပေးတာနဲ့အတူ ပြည်သူတွေ အမြင်ဝေဝါးပြီး စိတ်ဓာတ်ကျအောင် စစ်ကောင်စီက လက်နက်ကိုင် ၅၀၀ ကျော် အလင်းဝင်တယ်ဆိုတဲ့ သတင်းကို အချိန်ကိုက် ထုတ်ပြန်လာတာလို့ မန္တလေးဒေသခံ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်က မှတ်ချက်ပေးပါတယ်။
မြင်းခြံခရိုင်တပ်ရင်း-၇ မှ ဗိုလ်ဇီးရိုးက “ကျနော် ပြောပြမယ်၊ ခင်ဗျား အဲဒီဟာကို သေချာကြည့်လိုက်၊ လတ်တလော တသုတ်တည်းဝင်ထားတာ မဟုတ်ဘူး သိလား။ အရင်ဝင်ထားတာတွေကို စုပြီးတော့မှ လုပ်ထားတာ။ ဦးရေကတော့ ပိုမှာပေါ့။ အလကား လျှောက်ဝါဒဖြန့်တာပေါ့။ AA ဆိုတာက ဘယ်ဖြစ်နိုင်လိမ့်မလဲ။ မြေပြင်မှာလည်း သူတို့ စစ်ရေးအရ ဖိလာသလို ဝါဒဖြန့်မှုနဲ့ရော သူတို့လုပ်လို့ရမဲ့ နည်းပေါင်းစုံ သုံးလာတာ တွေ့တယ်ပေါ့။ ဒီလက်နက်ကိုင် ၅၀၀ ကျော် အလင်းဝင်လာတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲဗျာ။ တယောက်တလေ ပါချင်ပါမှာပေါ့။ ဒါတွေထည့်မယ်၊ ကျန်တာတွေက သူတို့လူနဲ့ ထည့်ပြီးတော့ ဒီအင်အားကြီးကို ပြည်သူဝေဝါးအောင် လုပ်တယ်လို့ပဲ ယူဆပါတယ်။ ဒါကတော့ လုံးဝမဖြစ်နိုင်ဘူးပေါ့နော်။ အုံလိုက်ကျင်းလိုက်ကြီးဝင်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နောက် အဓိက AA တို့ ဘာတို့ဆိုတာ အရမ်းစုဖွဲ့မှုကောင်းတော့ AA တပ်သားတွေအနေနဲ့ ဝင်ရောက်သွားစရာအကြောင်း မရှိနိုင်ဘူး။ ဝါဒဖြန့်မှုတခုပါပဲ။ ဒါတွေကို ပြည်သူမဝေဝါးဖို့ လိုတာပေါ့။ ယူနီဖောင်းတို့ ဘတ်တို့ဆိုတာက ပုံစံမျိုးစုံ လုပ်လို့ရတာပဲလေ။ မဝေဝါးဖို့ ပြည်သူတွေ သတိထားရမယ်လို့ ကျနော်ကတော့ အဲ့လိုလေးပဲ ပြောချင်ပါတယ်။ မြေပြင်မှာရော အွန်လိုင်းမှာရော အားလုံး အစစအရာရာ သတိထားပြီး နေရမဲ့အချိန် ဖြစ်တဲ့အတွက် အားလုံး ဆင်ခြင်သုံးသပ်ကြပါလို့ပဲ ကျနော်ပြောချင်ပါတယ်” လို့ ပြောပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှာ နည်းမျိုးစုံသုံးပြီး စစ်ရေးဖိအားပေးတာနဲ့ တပြိုင်တည်းမှာ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနယ်တွေမှာ PDF တွေ နေရပ်ပြန်လာအောင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို စစ်ကောင်စီက ဖိအားပေးတာတွေ ရှိနေပါတယ်။
အဲဒီဖိအားကြောင့် မန္တလေးနန်းတွင်းမှာ အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ အလင်းဝင်လိုက်ရတဲ့ ရဲဘော်တချို့ ရှိခဲ့ပေမဲ့ အခုထုတ်ပြန်တဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ အလင်းဝင်တယ်ဆိုတဲ့ သတင်းကတော့ စစ်ကောင်စီက ချဲ့ကားထားတာသာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။










