
ဂျပန်ရဲ့ နှစ်ပတ်လည် ကာကွယ်ရေး စက္ကူဖြူစာတမ်းမှာ အငြင်းပွားကျွန်းတွေနဲ့ ပတ်သက်တဲ့ အခိုင်အမာ ပြောဆိုချက်ကို ကန့်ကွက်ဖို့ တောင်ကိုရီးယားအစိုးရက သြဂုတ် ၄ ရက်မှာ အကြီးတန်း ဂျပန်သံတမန်တယောက်ကို ဆိုးလ်မြို့တော်ဆီ ဆင့်ခေါ်ခဲ့ပါတယ်။
ကြေညာချက်ကို ချက်ချင်းရုပ်သိမ်းဖို့ တောင်ကိုရီးယားအစိုးရက တောင်းဆိုခဲ့ပြီး ဒါဟာ အချုပ်အခြာအာဏာကို မတရား အတည်ပြုချက်လို့လည်း ခေါ်ဆိုခဲ့ပါတယ်။
တောင်ကိုရီးယားက ဒေါ့ခ်ဒိုလို့ ခေါ်ပြီး ဂျပန်မှာ တာခဲရှိမလို့ လူသိများတဲ့ ကျွန်းငယ်တွေကို တောင်ကိုရီးယားအစိုးရက ထိန်းချုပ်ထားပြီး နှစ်နိုင်ငံဆက်ဆံရေးက ကာလကြာရှည် တင်းမာခဲ့ပါတယ်။
၁၉၁၀-၁၉၄၅ ခုနှစ် ကာလအတွင်း ဂျပန်က ကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီပြု အုပ်ချုပ်ရာက ပေါ်ပေါက်လာတဲ့ အငြင်းပွားမှုတွေကြောင့် ဆက်ဆံရေး တင်းမာနေဆဲပါ။
“ကျနော်တို့ရဲ့ သမိုင်းကြောင်းအရ၊ ပထဝီဝင် အနေအထားအရနဲ့ နိုင်ငံတကာဥပဒေအရ ကျနော်တို့ရဲ့ နယ်မြေဖြစ်တဲ့ ဒေါ့ခ်ဒိုကျွန်းအပေါ် ဂျပန်က ထပ်ခါတလဲလဲ မတရား နယ်မြေပိုင်ဆိုင်မှု တောင်းဆိုချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ချက်ချင်းရုပ်သိမ်းဖို့ကို တိုက်တွန်းပါတယ်” လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဂျပန်ကိုကန့်ကွက်ဖို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုးလ်မြို့တော်မှာရှိတဲ့ ဂျပန်ရဲ့ ကာကွယ်ရေးသံမှူးကို အင်္ဂါနေ့မှာ ဆင့်ခေါ်ခဲ့တယ်လို့ ပြောပါတယ်။
ဂျပန်အစိုးရက စက္ကူဖြူစာတမ်းထဲမှာ တာခဲရှိမ ကျွန်းတွေနဲ့ ပတ်သက်တဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာတွေကို မဖြေရှင်းနိုင်သေးဘူးလို့ ပြောခဲ့ပါတယ်။
Source: Reuters










