
ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့နယ်ထဲမှာ စက်တင်ဘာ ၂၂ ရက် ဒီမနက်က အလုပ်သမားတွေ အလုပ်ဆင်းဖို့ သွားကြိုလာတဲ့ ၆ ဘီးကားတစီး မတော်တဆ တိမ်းမှောက် ခဲ့တာကြောင့် ၁ ယောက်သေဆုံး၊ ၁၂ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြ ပါတယ်။
ဒီမနက် ၆ နာရီခွဲလောက်က ဘန်လမွန်းမြို့နယ် နောင်ပလာလိုင်အုပ်စု နယ်မြေ ၃ အပိုင်းရှိ အမှတ် ၃၆ အဝေးပြေးလမ်းမကြီးပေါ်မှာ ၆ ဘီးကားတစီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း သတင်းရလို့ နယ်မြေရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး ချက်ချင်း သွားရောက် ကူညီခဲ့တယ်လို့ ဆဝမ်ပတ္တယားကယ်ဆယ်ရေးအဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အဖြူရောင် အီဇူးစူးအမျိုးအစား ၆ ဘီးကားတစီး လမ်းဘေးမြောင်းထဲမှာ တိမ်းမှောက်နေတယ်၊ ကားတံခါးမှာလည်း QUALITECH ENGINEERING & CONSTRUCTION CO., LTD ကုမ္ပဏီအမှတ်တံဆိပ် ပါရှိပါတယ်။
သူတို့ရောက်ရှိသွားချိန်မှာ တခြားကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်လူနာတင်ကားတွေလည်း ရောက်နှင့်နေပြီး ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးသူနာပြုစုကာ ဘန်လမွန်းပြည်သူ့ဆေးရုံ၊ ပတ္တယားပထမခွန်းဆေးရုံ၊ ပတ္တယားဆေးရုံကြီး စသဖြင့် နီးစပ်ရာ ဆေးရုံအသီးသီးကို ခွဲပြီးပို့ ဆောင်ပေးခဲ့ပါတယ်။
အဆိုပါကားပေါ်မှာ ယာဉ်မောင်း ၁ ယောက်နဲ့ အလုပ်သမား ၁၂ ယောက် ပေါင်း ၁၃ ယောက် လိုက်ပါလာပြီး ယာဉ်မောင်းမှာ မပြင်းထန်သော ဒဏ်ရာရတယ်၊ ကျန်သူအားလုံးကတော့ ဆေးရုံ ပို့ပေးလိုက်ပြီလို့ ဆိုပါတယ်။
အသက် ၅၆ နှစ်ရွယ်ရှိ ယာဉ်မောင်း နိုင်းချယားမား ယိုးထား ဆိုသူ ပြောပြချက်အရ သူဟာ ကုမ္ပဏီက အလုပ်သမားတွေကို ပတ္တယားမှာရှိတဲ့ စက်ရုံကိုပို့ပေးဖို့ တင်ဆောင်လာခဲ့တယ်။ အခင်းဖြစ်တဲ့နေရာမှာ နောက်ကလိုက်လာတဲ့ ဟိုင်းလပ်စ်ကားတစီးက သူ့ကားကို ကျော်တက်တာ ကြောင့် သူက အဲဒီကားကို တိမ်းရှောင်တာမှာ လမ်းချော်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေး မြောင်းထဲကို ထိုးကျတိမ်းမှောက်သွားတာလို့ ဆိုပါတယ်။
Bright TV သတင်းရဲ့ နောက်ဆက်တွဲ ဖော်ပြချက်အရ ဒဏ်ရာရသူတွေထဲက အမျိုးသား ၁ ယောက် သေဆုံးသွားပြီလို့ ဆိုပါတယ်။
အလုပ်သမားတွေဟာ ဘယ်နိုင်ငံသားဆိုတာ သတင်းတွေမှာ ဖော်ပြထားတာမတွေ့ရပေမဲ့ ချွန်းပူးရီးမှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားအမြောက်အမြား ဝင်ရောက်လုပ်ကိုင်နေပါတယ်။
Source: Bright TV / MGROnline










