
ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်၊ ဆတ်တဟစ်ပ်မြို့နယ်ထဲမှာ နိုဝင်ဘာ ၁၁ ရက်က ရေလုပ်ငန်းသုံး လောင်စာဆီတင်သင်္ဘောတစင်း တိမ်းမှောက်သွားပြီး သင်္ဘောသား ၆ ယောက် ပျောက်ဆုံးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဗီးနပ်စ် ၁၄ အမည်ရှိ ငါးဖမ်းရေနံတင်သင်္ဘောကြီးဟာ မနေ့မနက် ၉ နာရီလောက်က ဆတ်တဟစ်ပ် ရေတပ်စခန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၂၇ မိုင်အကွာမှာ တိမ်းမှောက်နစ်မြှုပ်သွားကြောင်း ၊ အထဲမှာ သင်္ဘောသား ၆ ယောက်ပါသွားပြီး ပျောက်ဆုံးနေကြောင်း အကြောင်းကြားချက်ရခဲ့တယ်လို့ အမှတ် ၁ ရေကြောင်းတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ချားနင်း ဆရီယားဖိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
သတင်းကြားကြားချင်းမှာဘဲ အမှတ် ၁၁၃ ရေတပ်သင်္ဘောနဲ့ ကင်းထောက်လေယာဉ်တွေ စေလွှတ်ပြီး ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေ ရှာဖွေရေး ကယ်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက် စေခဲ့တယ်။
ဒါ့အပြင် နစ်မြှုပ်နေတဲ့ သင်္ဘောနဲ့ ရေနံယိုစိမ့်မှုအခြေအနေတွေကို စောင့်ကြည့်စစ်ဆေးနေပြီး ရေကြောင်း ဘေးကင်းလုံခြုံရေးအတွက် အဆိုပါနေရာတဝိုက် သွားလာနေရတဲ့ ငါးဖမ်းလှေတွေ၊ ရေယာဉ်တွေကိုလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ရေနံယိုစိမ့်မှုတွေ ဖြစ်ပေါ်က ချက်ချင်းရှင်းလင်းဖယ်ရှားနိုင်ဖို့ ရေကြောင်းပတ်ဝန်းကျင်နဲ့ ရေထုညစ်ညမ်းမှု ကာကွယ်ရေးဌာနနဲ့လည်း ဆက်သွယ်ညှိနှိုင်းထားတယ်၊ လောင်စာဆီပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့ စက်ကရိယာပါ သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေ အသင့်ပြင်ဆင်ထားဖို့ ညွှန်ကြားထားတယ်လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရေတပ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဗီးနပ်စ် ၁၄ သင်္ဘောပေါ်က ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၆ ယောက်ကို ရေပြင်မှာရော ရဟတ်ယာဉ်နဲ့ပါ နေ့ရောညပါ မနားတမ်းရှာဖွေနေကြပေမဲ့ ဒီကနေ့ မွန်းလွဲပိုင်း အချိန် ၂၇ နာရီ ကြာမြင့်သည်ထိ အစအနကို ရှာမတွေ့သေးပါဘူး။
Source: Thairath / Khaosod / Sattahip News











