
အမေရိကန်ပြည်ထောင်စု၊ နယူးအော်လင်းမြို့၊ မစ္စစ္စပီမြစ်ထဲမှာ နိုဝင်ဘာ ၁၃ ရက်က ဆိုက်ကပ်ထားတဲ့ အမေရိကန် ခရုဇ်လိုင်းန်စ်ကုမ္ပဏီပိုင် ခရီးသည်တင်သင်္ဘောကို ဆီတင်သင်္ဘောတစင်းက ဝင်တိုက်မိခဲ့လို့ ခရီးသည်တင်သင်္ဘော ဘေးတစောင်းစောင်းပြီး နစ်မြုပ်သွားခဲ့ပါတယ်။
လက်ရှိမှာတော့ ရေထဲကျသွားတဲ့ ခရီးသည်တွေထဲက အနည်းဆုံး ၁၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အခင်းဖြစ်ပွားရာ အနီးတဝိုက်က မြစ်ကြောင်းသွားလာမှုအားလုံးကို ပိတ်ထားတဲ့ အခြေအနေ ရှိပါတယ်။
ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲ လောက်မှာ အတ္တလန္တိတ် အက်စ်ဖှော့လ်ထ် ရေနံတင်သင်္ဘောက ဝင်တိုက်မိချိန်တုန်းက လူ ၁၅၀ ဆံ့ အမေရိကန် ဟဲရစ်တေ့ဂျ် အမည်ရှိ ခရီးသည်တင်သင်္ဘောပေါ်မှာ ခရီးသည် ၁၂၉ ယောက် လိုက်ပါလာတယ်လို့ အမည်မဖော်လိုတဲ့ နယူးအော်လင်းဆိပ်ကမ်း တာဝန်ရှိသူတွေကို ကိုးကားပြီး The Advocate သတင်းစာက ဖော်ပြပါတယ်။
သေဆုံးဒဏ်ရာရသူ ရှိ၊ မရှိကတော့ ချက်ချင်း မသိရသေးသလို နယူးအော်လင်း ဆိပ်ကမ်းဘက်ကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း အကြောင်းမပြန် သေးပါဘူး။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ကုန်တင်သင်္ဘောတစင်းနဲ့ တိုက်မိပြီးနောက် ခရီးသည်တင်သင်္ဘော နစ်မြုပ်သွားပုံကို တွေ့မြင်ရသလို၊ ဒေသတွင်း ရုပ်သံလိုင်းတွေမှာလည်း သင်္ဘော ဘေးတစောင်း စောင်းနေပုံနဲ့ အသက်ကယ်အင်္ကျီတွေ ဝတ်ထားတဲ့ ခရီးသည်တွေ ရေထဲရောက်နေပုံတွေကို ပြသခဲ့ပါတယ်။
အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ သင်္ဘောတိုက်မိတဲ့ ဖြစ်စဉ်ကို သွားရောက်တုံ့ပြန် ဆောင်ရွက်ခဲ့ပြီး အနီးတဝိုက်က မြစ်ကြောင်းသွားလာမှုအားလုံးကို ပိတ်ထားလိုက်ပြီလို့ အီးမေးလ်ကနေ ထုတ်ပြန်ထားပေမဲ့ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
အမေရိကန် ခရုဇ်လိုင်းန်စ်ကုမ္ပဏီဘက်ကလည်း သူတို့ရဲ့ မြစ်တွင်းသွား သင်္ဘောတိုက်မှုထဲ ပါဝင်သွားတာကို အီးမေးလ်ကနေ အတည်ပြုခဲ့ပြီး "အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ခရီးသည်တွေနဲ့ သင်္ဘောဝန်ထမ်းတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးထားပြီး ဒီဖြစ်စဉ်မှာ ပါဝင်သူအားလုံးအတွက် အထူးစိုးရိမ်ပူပန်မိပါတယ်။ နောက်ထပ် အချက်အလက်တွေ ရလာတာနဲ့အမျှ ဆက်လက် အသိပေးသွားပါမယ်" လို့လည်း ဆိုပါတယ်။
Source: Reuters











