
ဟော်မုဇ်ရေလက်ကြားနဲ့ အိုမန်ပင်လယ်ကွေ့အတွင်း စည်းကမ်းဖောက်ဖျက်ပြီး ခွင့်ပြုချက်မရှိတဲ့ လမ်းကြောင်းတွေကနေ ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့ကြတဲ့ ဆီတင်သင်္ဘော ၄ စင်းပေါက်ကွဲ မီးလောင် ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် မီဒီယာတွေနဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်တို့က အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ပါတယ်။
အီရန်တပ်မတော်ရေတပ်ဟာ ရေလက်ကြား အရှေ့ဘက်မှာ သွားလာနေတဲ့ ရန်သူရဲ့ မောင်းသူမဲ့ ရေယာဉ် (USV) တစင်းကို ဖျက်ဆီးပစ်ခဲ့သလို၊ တည်နေရာ ခြေရာခံစနစ်တွေ ပိတ်ထားပါတယ်။
အီရန်ရဲ့ ရေဒီယို သတိပေးချက်တွေကို အကြိမ်ကြိမ် လျစ်လျူရှုကာ တားမြစ်ဧရိယာတွေထဲ ဝင်ရောက်လာတဲ့ ဆီတင်သင်္ဘော ၂ စင်းဟာလည်း ရေအောက်မိုင်း ထိမှန်ပြီး ပျက်စီး မီးလောင် ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်စစ်တပ်ရဲ့ အကူအညီနဲ့ လမ်းကြောင်းလွှဲ ဖြတ်သန်းဖို့ ကြိုးစားခဲ့ကြတဲ့ တခြား ဆီတင်သင်္ဘော ၂ စင်းကိုလည်း ရေလက်ကြားတောင်ဘက် ရေပြင်မှာ တားဆီးခဲ့ပါတယ်။
အဲဒီထဲက ရေနံစိမ်း စည်ပေါင်း ၂ သန်းကျော် တင်ဆောင်လာတဲ့ ၄ စင်းမြောက် ဆူပါတန်ကာ ရေနံတင်သင်္ဘောကြီးမှာ မိုင်းထိမှန်ပြီး ပြင်းထန်စွာ ပေါက်ကွဲ မီးလောင်ခဲ့တယ်လို့ IRGC ရေတပ်က ဆိုပါတယ်။
အီရန်ရဲ့ စီရင်ပိုင်ခွင့်ရှိတဲ့ ရေပြင်အတွင်း ဘယ်လို ရန်စမှုကို မဆို ပြင်းထန်စွာ တန်ပြန် တိုက်ခိုက် သွားမယ်လို့လည်း ရန်သူကို သတိပေးထားပါတယ်။
တချိန်တည်းမှာ အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားက အိုမန်ပင်လယ်ကွေ့အတွင်း 'Riti'အမည်ရှိ ဆီတင်သင်္ဘောဆီကနေ မီးခိုးတွေ ထွက်နေတဲ့ ရုပ်သံကို ထုတ်လွှင့်ပြသခဲ့ပါတယ်။
အလားတူ ဗြိတိန် ရေကြောင်းကုန်သွယ်ရေး အဖွဲ့အစည်း (UKMTO) က ရေနံတင်သင်္ဘောတစင်း အမည်မသိ ပစ်ခတ်မှု ထိမှန်ခဲ့ကြောင်း ပြောခဲ့သလို၊ အိုမန်တော်ဝင်ရေတပ်ကလည်း တိုက်ခိုက် ခံရတဲ့ RITI သင်္ဘောပေါ်မှ သင်္ဘောသား ၂၅ ယောက်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ကယ်ဆယ် ပေးခဲ့တယ်လို့ အောက်တိုဘာ ၃၀ မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ရိုက်တာသတင်းဌာနအနေနဲ့ အီရန်ဘက်က ထုတ်ပြန်ချက်တွေကို ချက်ချင်း အတည်ပြု စိစစ် နိုင်ခြင်း မရှိသေးပါဘူး။
ဒီဖြစ်စဉ်တွေဟာ ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေးနဲ့ အမေရိကန်တို့က တီဟီရန် အပါအဝင် အီရန် မြို့ကြီးတွေကို ပူးတွဲတိုက်ခိုက်ခဲ့မှုအပေါ် အီရန်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပြန်လည်တုံ့ပြန်ပြီး ဟော်မုဇ်ရေလက်ကြားကို ပိုမိုတင်းကျပ်ထိန်းချုပ်လာတဲ့ ပဋိပက္ခ အခြေအနေမှာ ဖြစ်ပွားခဲ့တာပါ။
Source: Reuters











