ဒီမိုကရက်ပါတီ ကိုယ်စားလှယ်လောင်း စကောကိုလွမ်ဟာ မစ္စစ္စပီပြည်နယ် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ၁၈၇၄ ခုနှစ်ကတည်းက နှစ်ပေါင်း ၁၄၀ ကျော်အတွင်း မစ္စစ္စပီအတွက် ပထမဆုံး လူမည်းကိုယ်စားလှယ် ဖြစ်လာပါတယ်။
မစ္စစ္စပီပြည်နယ်ဟာ ရီပတ်ဘလစ်ကန်တွေ ၁၀ စုနှစ်များစွာ လွှမ်းမိုးထားတဲ့ ပြည်နယ်ဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ဒီမိုကရက်ကိုယ်စားပြု ကိုယ်စားလှယ်က အနိုင်ရခဲ့တာပါ။
ကိုလွမ်ဟာ မဲ ၁ သန်းနီးပါး ရေတွက်ပြီးချိန်မှာ ပြိုင်ဘက် လက်ရှိတာဝန်ထမ်းဆောင်သူ ရီပတ်ဘလစ်ကန်အမတ် စမစ်ကို မဲ ၅,၀၀၀ ကျော် အသာရပြီး အနိုင်ရခဲ့တာပါ။
အသက် ၄၃ နှစ်အရွယ်ရှိ ကိုလွမ်ဟာ မဲအရေအတွက် ၄၉ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပြိုင်ဘက် စမစ်က ၄၈ ဒသမ ၇ ရာခိုင်နှုန်း ရရှိခဲ့ကာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းက ၂ ဒသမ ၁ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
ဒီရလဒ်ကြောင့် ဒီမိုကရက်တွေဟာ အထက်လွှတ်တော်အမတ် ၁၀၀ နေရာမှာ ၅၅ နေရာ ရရှိထားပြီ ဖြစ်ပါတယ်။
“မစ္စစ္စပီမဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို ကျမလေးစားပါတယ်” လို့ စမစ်က ကိုလွမ်ကို ချီးကျူးးခဲ့ပါတယ်။
စမစ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက အထက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့သူဖြစ်ပြီး သူ့ကို အနိုင်ရခဲ့တာက ဒီမိုကရက်ပါတီအတွက် ကြီးမားတဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။
ကိုလွမ်ဟာ သက်တမ်းလယ်ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် တူဂလူကောလိပ်မှာ အောင်ပွဲမိန့်ခွန်း ပြောကြားခဲ့ပါတယ်။
“ဒီလိုရလဒ်တွေ ဖြစ်လာနိုင်တယ်လို့ သူတို့ မယုံခဲ့ပေမဲ့ ကျနော်ကတော့ ယုံကြည်ခဲ့ပါတယ်။ ဒါက ကျနော်လုပ်ခဲ့တဲ့အရာတွေ မဟုတ်ဘဲ အားလုံးလုပ်ဆောင်ခဲ့ကြလို့ပါ။ မစ္စစ္စပီမှာ ဒေသခံတွေက ခြားနားမှုတွေကို ပြုလုပ်ခဲ့တာပါ” လို့ ကိုလွမ်က ပြောပါတယ်။
Source: Reuters











