ပထမဆုံး လူမည်း အောက်လွှတ်တော်ဥက္ကဋ္ဌ ခန့်အပ်ရန် ဒီမိုကရက် အဆိုပြု

ပထမဆုံး လူမည်း အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဟာကင်ဂျက်ဖရီးစ်ကို ခန့်အပ်ဖို့ ဒီမိုကရက်တွေက နိုဝင်ဘာ ၁၈ ရက်မှာ တရားဝင် အဆိုပြုလိုက်ပါတယ်။
အောက်လွှတ်တော်သက်တမ်းသစ် စတင်မဲ့ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃ ရက်မှာ ဥက္ကဋ္ဌသစ်ကို မဲပေးရွေးချယ်မှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၃ ရက် သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေက အမတ်နေရာ အနည်းဆုံး ၂၅၇ နေရာ အနိုင်ရထားပြီး အများစုကို ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
အမတ်နေရာ ၄၃၅ နေရာရှိတဲ့ အောက်လွှတ်တော်မှာ အများစုရရှိဖို့ ၂၁၈ နေရာသာ လိုအပ်ပါတယ်။ ဂျက်ဖရီးစ်ဟာ ပါတီတွင်း လျှို့ဝှက်မဲပေးပွဲမှာ ထောက်ခံမဲ ၂၅၁ မဲနဲ့ ကန့်ကွက်မဲ ၁၁ မဲ ရရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ကတည်းက အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဂျက်ဖရီးစ်က ဒီအဆိုပြုမှုဟာ “အလွန်ဂုဏ်ယူစရာကောင်းပြီး ထူးခြားတဲ့ အခွင့်အရေးတရပ်” ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ပါတီရဲ့ လက်ဝဲယိမ်း အမတ်သစ်တချို့ကတော့ ရွေးကောက်ပွဲအနိုင်ရမှုဟာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လူထုက တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ ပြောနေကြပါတယ်။
ဂျက်ဖရီးစ်ကလည်း ကုန်စုံစားသောက်ကုန်၊ လောင်စာဆီနဲ့ အိမ်ရာစရိတ်တွေ လျှော့ချရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူတွေ တတ်နိုင်တဲ့နှုန်းနဲ့ ရရှိရေး ကြိုးပမ်းမယ်လို့ ကတိပြုပါတယ်။
ဒီမိုကရက်တွေဟာ အထက်လွှတ်တော်မှာလည်း အများစုရရှိမှာဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သူ့အစိုးရအဖွဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။
ထရမ့်ပ်ကတော့ သူသဘောမတူတဲ့ ဥပဒေမူကြမ်းတွေကို ဗီတိုအာဏာနဲ့ ပယ်ချမယ်လို့ ပြောထားတာကြောင့် ဒီမိုကရက်တွေရဲ့ ဥပဒေပြုရေးအစီအစဉ်တွေမှာ အခက်အခဲ ရှိလာနိုင်ပါတယ်။
Source: Reuters











