အမေရိကန်မှာကျင်းပခဲ့တဲ့ သက်တမ်းဝက်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အနိုင်ရသွားလို့ စတော့ ဈေးကွက် သမိုင်းတလျှောက် အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတာပါလို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၅ ရက်မှာ စွပ်စွဲ အပြစ်တင်လိုက်ပြီး အီရန်ရဲ့ နျူကလီးယားကိစ္စတွေမှာ အမေရိကန် ခွင့်မပြုဘဲ ဘာမှလုပ်လို့မရဘူးလို့လည်း ပြောပါတယ်။
“ရွေးကောက်ပွဲ ရလဒ်တွေကြောင့် ပြည်သူတွေရဲ့ 401(k) ပင်စင်စုငွေတွေ ထိုးကျသွားတာဟာ ရီပတ်ဘလစ်ကန်တွေကြောင့် မဟုတ်ဘဲ ဒီမိုကရက်တွေကြောင့်ပဲ” လို့ ထရမ့်ပ်က သူ့ရဲ့ လူမှုကွန်ရက်မှာ စွပ်စွဲ ရေးထားတာပါ။
ဒါပေမဲ့လည်း စိုးရိမ်မနေကြဖို့နဲ့ မကြာခင်မှာ နည်းလမ်းတခုမဟုတ် တခုနဲ့ကို မူလထက် ပိုကြီးမား ပိုသန်မာအောင် ပြန်လုပ်ပြမှာမို့ အမေရိကန်ကို ပြန်လည်ကြီးကျယ်မြင့်မြတ်လာစေရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၅ ရက်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ ရာမှာ အီရန် နျူကလီးယားကိစ္စမှာလည်း ကြားဝင်စေ့စပ်သူတွေ ပေးထားတဲ့ အဆိုပြုချက်ကို အီရန် ဘာပဲကြည့်နေကြည့်နေ အမေရိကန်ရဲ့ သဘောတူညီချက်မပါဘဲ ဘာမှလုပ်လို့ရမှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပြုချက်ကို သမ္မတကိုယ်တိုင် ကြည့်ပြီးပြီလားဆိုတဲ့ မေးခွန်းကိုတော့ အီရန် ဘာကြည့်ကြည့် ကိစ္စမရှိဘူး၊ နျူကလီးယားလက်နက် ဘယ်တော့မှ မရနိုင်ဘူးဆိုတာ အီရန်ရော သူပါ သိပြီးသားလို့ တုံ့ပြန်ခဲ့ပါတယ်။
သူ့ရဲ့ အီရန်မူဝါဒမှာ ဒေါ်လာ ၂၅ ဘီလီယံ ကုန်ခဲ့တယ်လို့ ဝေဖန်တဲ့ လွှတ်တော်အမတ်ကို ပြန်ချေပရာမှာလည်း အမေရိကန်ဟာ ဗင်နီဇွဲလားဆီကနေ ဒီထက်မက ပိုများတဲ့ငွေတွေ ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။
ဗင်နီဇွဲလားတုန်းကဆို ဘယ်သူမှ မထိခိုက်ဘဲ ၄၈ မိနစ်အတွင်း ပြီးအောင်လုပ်ခဲ့တာ ဖြစ်သလို အီရန်မှာလည်း ၇ လကြာ တပ်စွဲထားပြီး ထိန်းချုပ်ချင်တဲ့နေရာတွေ အကုန်ထိန်းချုပ်ထားပြီးပြီလို့ ပြောပါတယ်။
အီရန်ကို နျူကလီးယား ဘယ်တော့မှ ထပ်မလုပ်နိုင်အောင် တရားဝင် အတည်ပြုပေးမဲ့ အဆင့်အထိ ဆက်သွားမလားဆိုတာ ဆုံးဖြတ်ရတော့မယ်လို့ ဆိုပါတယ်။
အီရန်ကို နောက်ထပ် မဖျက်ဆီးချင်ပေမဲ့ လိုအပ်ရင်တော့ လုပ်ရမှာဖြစ်ပြီး အဲဒီလို ဖျက်ဆီးခံလိုက်ရရင်တော့ နိုင်ငံပြန်ထူထောင်ဖို့ နှစ်ပေါင်း ၂၅ နှစ်လောက် ကြာသွားလိမ့်မယ်လို့လည်း ထရမ့်ပ်က ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။
Source: Reuters











