DVB Logo
Home
မြန်မာသတင်း
ချွန်းပူးရီးတွင် မြန်မာလုပ်သား ၇၀ ကျော်စီးလာသော ယာဉ်တိမ်းမှောက်၊ ၆၀ နီးပါး ဒဏ်ရာရ
DVB
·
October 16, 2026
Photo: ချွန်းပူးရီးဒေသတွင်းသတင်း
Photo: ချွန်းပူးရီးဒေသတွင်းသတင်း
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ဘော်ထောင်းမြို့နယ်ထဲမှာ အောက်တိုဘာ ၁၅ ရက် ညက မြန်မာလုပ်သား ၇၀ ကျော် စီးနင်းလိုက်ပါလာတဲ့ ၆ ဘီးကားတစီး မတော်တဆ တိမ်းမှောက်ခဲ့တာကြောင့် ၅၉ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့ညနေ ၆ နာရီ မိနစ် ၄၀ လောက်က ဘော်ထောင်းမြို့နယ် ဝပ်ဆုဝမ်ရပ်ကွက် နယ်မြေ ၂ ထဲမှာ  ၆ ဘီးကား တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရသူ များစွာရှိကြောင်း အကြောင်းကြားချက်ရတာကြောင့် ဆဝမ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးကူညီခဲ့တယ်လို့ ဘော်ထောင်းနယ်မြေရဲစခန်း တာဝန်ကျစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ဘေးနှစ်ဖက်ထိုင်ခုံတန်းရှည်ပါ ၆ ဘီးတပ် ဖယ်ရီကားတစီး ပက်လက်အနေအထားနဲ့ လမ်းဘေးမှာ တိမ်းမှောက်နေတယ်၊ ထိခိုက်ဒဏ်ရာရသူ အလွန်များပြားပြီး ဆဝမ်ကယ်ဆယ်ရေးအဖွဲ့ တွေ့ရှိတာကတော့ အဝါရောင်အဆင့် ဒဏ်ရာရသူ ၉ ယောက်၊ အစိမ်းရောင်အဆင့် ဒဏ်ရာရသူ ၁၄ ယောက် ပေါင်း ၂၃ ယောက် ရှိပါတယ်။ ဒဏ်ရာမပြင်းထန်လို့ ဆေးရုံကို လမ်းလျှောက်သွားတဲ့သူနဲ့ အနီးနားရှိ ပြည်သူတွေက လိုက်ပို့ပေးခဲ့သူပေါင်း ၃၆ ယောက် ရှိပါတယ်။

ဘော်ထောင်းဆေးရုံမှာ ကားမှောက်တဲ့လူနာ လက်ရှိ စုစုပေါင်း ၅၉ ယောက် တက်ရောက်ကုသနေပြီး နောက်ထပ် ဒဏ်ရာရသူလည်း ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

အသက် ၃၅ နှစ်ရွယ် ယာဉ်မောင်း  နိုင်းကစ်သီဆဒ်ရဲ့ ထွက်ဆိုချက်အရ သူဟာ မြန်မာအလုပ်သမား ၇၀ ကျော်ကို နာနတ်သီးစက်ရုံက သွားကြိုလာပြီး သူတို့နေတဲ့ အဆောင်ကို လိုက်ပို့ပေးဖို့ တင်ဆောင်လာခဲ့တယ်။ အခင်းဖြစ်တဲ့နေရာအရောက်မှာ ကားဘရိတ်ပေါက်သွားပြီး ကားဘီးတဖက်က လော့ခ်ကျသွားတယ်။ ဘရိတ်လည်း အုပ်လို့မရ နောက်ထပ် ကားဘီးလည်း မလည်နိုင်တာကြောင့် လမ်းဘေးကိုထိုးကျပြီး တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေကတော့ မတော်တဆထိခိုက်မှု ဖြစ်ရတဲ့အကြောင်းရင်း၊ ကားအင်ဂျင်နဲ့ ဘရိတ်တွေကို အသေးစိတ် ဆက်လက်စစ်ဆေးနေပြီး ဥပဒေအရ အရေးယူသွားမယ်။ တဖက်ကလည်း ထိခိုက်ဒဏ်ရာရသူ စာရင်းကောက်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

Source: Khaosod / Amarin TV News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013