DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခဆက်နွှယ် လိင်အကြမ်းဖက်မှုအကြောင်း မှတ်တမ်းရုပ်ရှင် မိတ်ဆက်ပြသ
DVB
·
August 2, 2026
ပဋိပက္ခဆက်နွှယ် လိင်အကြမ်းဖက်မှုအကြောင်း မှတ်တမ်းရုပ်ရှင် မိတ်ဆက်ပြသ
1 / 10
Photo : DVB
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ ဆက်နွှယ်နေတဲ့ လိင်အကြမ်းဖက်မှုရဲ့ ကြောက်မက်ဖွယ် လက်တွေ့အခြေအနေတွေကို မီးမောင်းထိုးပြထားတဲ့ ‘Field of Sorrows (ကြေမွလွင်ပြင်)’ ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ဇူလိုင် ၃၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – (WLB) က မိတ်ဆက်ပြသခဲ့ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ဟာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ အရေးကြီးလိုအပ်ချက်တွေကို သိမြင်ဖို့၊ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေရရှိလာစေဖို့နဲ့ အသက်ရှင်ကျန်ရစ်သူ ဗဟိုပြု တုံ့ပြန်ဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

မှတ်တမ်းရုပ်ရှင် မိတ်ဆက်ပြသတာနဲ့အတူ ‘ယိုယွင်းပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်အောက်မှာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခြင်း - ပဋိပက္ခအတွင်းရှိ အမျိုးသမီးများ၏ ရုန်းကန်မှု’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားဝိုင်းဆွေးနွေးပွဲတရပ်ကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။

မြန်မာနိုင်ငံမှာ လိင်အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုခဲ့တာက ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အခြေအနေတွေက ပိုဆိုးရွားလာခဲ့တယ်လို့ ကရင်နီအမျိုးသမီးသမီးအဖွဲ့ (KNOW) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ WLB ရဲ့ အကြံပေးပုဂ္ဂိုလ်တယောက်လည်း ဖြစ်တဲ့ မော်ဖရေးမြာက DVB ကို ပြောပါတယ်။

“အခု ပဋိပက္ခဖြစ်ပြီး ၂၀၂၁ နောက်ပိုင်းမှာ ဆိုလို့ရှိရင်တော့ ပိုဆိုးဝါးတဲ့ အနေအထားတခု ရောက်တယ်ပေါ့နော်။ အထူးသဖြင့် ဒီအနာဂတ် အသွင်ကူးပြောင်းရေးကာလ ရောက်လာတဲ့အခါ ဒီရှင်သန်လွတ်မြောက်လာသူတွေအတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်တဲ့အခါမှာ သူတို့အတွက် သက်သေအထောက်အထား တခုအနေနဲ့ရယ်၊ ပြီးရင် ကျူးလွန်သူတွေကလည်း ဒီတာဝန်ယူမှု တာဝန်ခံမှုရှိဖို့အတွက် နိုင်ငံတကာမှာလည်း ရင်ဆိုင်ရမဲ့ တချို့အရာတွေလည်း ရှိထားဖို့ အရေးကြီးတယ်။ နောက်တခုက ရှင်သန်လွတ်မြောက်လာသူတွေအတွက် တရားမျှတမှုကို ကျမတို့ လိုချင်လို့ ဒီဟာကို စနစ်တကျ သေချာ ဗီဒီယိုနဲ့တကွပေါ့နော် ဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။”

အသက်ရှင် ကျန်ရစ်သူတွေဟာ သူတို့ ကျူးလွန်ခံရကြောင်း တိုင်ကြားဖို့ကြိုးပမ်းရာမှာ ကြီးမားတဲ့ လုံခြုံရေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပြီး လက်နက်ကိုင် ကျူးလွန်သူတွေဆီကနေ အသက်အန္တရာယ်ပေးနိုင်တဲ့ လက်စားချေမှု၊ ခြိမ်းခြောက်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်ရလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို တားဆီးဖို့ ခိုင်မာတဲ့ ဥပဒေမူဘောင်တွေ မရှိတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း မော်ဖရေးမြာက ဆိုပါတယ်။

မော်ဖရေးမြာက “နိုင်ငံတကာကနေပြီးတော့မှ အထူးသဖြင့် စစ်ရာဇဝတ်သဖွယ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ စစ်အာဏာရှင်တပ်ကို သူတို့ သေချာလေး ကိုင်တွယ်ဖြေရှင်းဖို့လည်း အရေးကြီးတယ်။ ပြီးတော့ တွန်းအားပေးဖို့လည်း အရေးကြီးတယ်။ ပြီးရင် ဒီ survivor (ရှန်ကျန်ရစ်သူ)တွေအတွက် အကူအညီတွေက အရမ်းအရေးကြီးတယ်ပေါ့နော်။ သူတို့ ပြန်လည်ထူထောင်ရေးအတွက်ပဲဖြစ်ဖြစ်၊ တရားမျှတမှု ရှာဖွေတဲ့အခါမှာ လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်ပဲဖြစ်ဖြစ်၊ အစဉ်တစိုက် ဆက်ကူရမယ့် အရာဖြစ်တယ်ပေါ့နော်” လို့ ဆိုပါတယ်။

မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးရာမှာ စိန်ခေါ်မှု အခက်အခဲတွေရှိခဲ့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေလည်း ရှိခဲ့တယ်လို့ ရိုက်ကူးထုတ်လုပ်သူ ဒါရိုက်တာ လာဗန်ဒါက ဆိုပါတယ်။ 

ဒီမှတ်တမ်းရုပ်ရှင်ကို ကရင်နီပြည်နယ်နဲ့ ထိုင်း-မြန်မာနယ်စပ်လို နေရာတွေမှာ သွားရောက် ရိုက်ကူးခဲ့ပြီး ပဋိပက္ခနဲ့ ဆက်နွှယ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံစားခဲ့ရတဲ့ နစ်နာသူတွေ အကြောင်း ရိုက်ကူးထုတ်လုပ်ဖို့ ၈ လနီးပါး အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဒါရိုက်တာ လာဗန်ဒါက “စစ်မြေပြင်မှာရိုက်တဲ့ အနေအထားမျိုးဆိုတော့ လေယာဉ်တွေ လာတာတွေ ရှိတယ်။ နောက်တခုကကျတော့ ကိုယ့်ရဲ့ အန္တရာယ်ပေါ့။ ဥပမာ Case တခုဆိုရင် ကိုယ်တွေက ရိုက်ဖို့စဉ်းစားထားတယ်၊ ကျူးလွန်တဲ့သူကကျတော့ ဒီ လက်နက်ကိုင်အင်အားစုက ဖြစ်တယ်ပေါ့။ အမျိုးသမီးကလည်း ခွင့်ပြုတယ်၊ အဲဒီ အမျိုးသမီးအိမ်ထိကို ကျနော်တို့ ရိုက်ပြီးသွားပြီ။ ဒါပေမဲ့ ရုံးချိန်းတဲ့အချိန်မှာကျတော့ ရိုက်ဖို့ကျတော့ ဒီအမျိုးသမီးကိုယ်တိုင်က ခြိမ်းခြောက်ခံနေရတာ။ ဆိုတဲ့အချိန်မှာ ကျနော်တို့က ကင်မရာကြီးနဲ့ သွားတာမျိုးပေါ့နော်။ ဒီရုံးချိန်းတွေကို လိုက်တာမျိုးဆိုရင် ပိုပြီးတော့ ဒီအမျိုးသမီးပေါ်မှာလည်း ခြိမ်းခြောက်မှုသက်ရောက်နိုင်သလို ကျနော်တို့ရဲ့ လုံခြုံရေးလည်း ရှိတယ်ဆိုတဲ့ အချိန်မှာကျတော့ တချို့ Case တွေကို ကျနော်တို့ ဆက်မလိုက်တော့တာတွေလည်း ရှိတယ်ပေါ့နော်” လို့ ဆိုပါတယ်။

ဒီလို အခက်အခဲတွေအပြင် နစ်နာသူတွေအကြောင်း ရိုက်ကူးနေရင်း နစ်နာသူတွေဘက်ကို ဥပဒေအကာအကွယ် အပြည့်အဝမရရှိတာကို မြင်ရတဲ့အခါ ရိုက်ကူးသူကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

နစ်နာသူတွေဟာ နောက်ထပ် နစ်နာသူတွေ မပေါ်ပေါက်အောင် အသက်ရှင်ကျန်ရစ်သူတွေကို အကာအကွယ်တွေ ပေးနိုင်ဖို့အတွက် မိမိတို့ရဲ့ ဖြစ်ရပ်တွေကို ရဲရဲဝံ့ဝံ့ မျှဝေခဲ့ကြပြီး မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ကလည်း နစ်နာသူတွေရဲ့ လုံခြုံရေးအခြေအနေတွေကို အထူးသတိထားပြီး ရိုက်ကူးခဲ့ကြတယ်လို့လည်း သိရပါတယ်။

WLB အနေနဲ့ ပဋိပက္ခနဲ့ဆက်နွှယ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအတွက် အကူအညီတွေ တောင်းနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်း၊ အာဆီယံ ကိုယ်စားလှယ်တွေနဲ့ အလှူရှင်အဖွဲ့တွေကို ပြသဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ခိုင်မာတဲ့ မူဝါဒအပြောင်းအလဲတွေနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013