
မြန်မာနိုင်ငံက တရုတ်ကျောထောက်နောက်ခံပြု ကြေးနီစီမံကိန်းအကြောင်း ရိုက်ကူးထားတဲ့ “Blood Copper” မှတ်တမ်းရုပ်ရှင်ပြသတာကို တားမြစ်ပေးဖို့ ဘန်ကောက်မြို့ရှိ တရုတ်သံရုံးရဲ့ တောင်းဆိုချက်ကို ထိုင်းအစိုးရက ပယ်ချလိုက်တယ်လို့ သတင်းလွတ်လပ်ခွင့်လှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေက အတည်ပြု ပြောပါတယ်။
ဇွန် ၁၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) မှာ ပြသခဲ့တဲ့ “Blood Copper” (သွေးစွန်းကြေးနီ) မှတ်တမ်းရုပ်ရှင်ဟာ လက်ပံတောင်းတောင် စီမံကိန်း တိုးချဲ့ဖို့ အာဏာသိမ်းစစ်တပ်က ဒေသခံတွေကို အကြမ်းဖက် ရှင်းလင်းခဲ့တဲ့အကြောင်း DVB နဲ့ Myanmar Witness တို့ ပူးပေါင်း ရိုက်ကူးထားတာပါ။
ဒီပွဲဖျက်သိမ်းဖို့ တရုတ်သံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဖိအားပေးခဲ့ပေမဲ့ ထိုင်းဘက်က ဝင်ရောက်စွက်ဖက်ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဆင်ဆာဖြတ်တောက်ဖို့ ကြိုးပမ်းမှု ကျရှုံးသွားတာဟာ သတင်းလွတ်လပ်ခွင့်ကို ထိုင်းအာဏာပိုင်တွေက ကာကွယ်ပေးလိုက်တာဖြစ်တယ်လို့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေက ပြောပါတယ်။










