DVB Logo
Home
Lead Story
တော်လှန်ရေး ဖြစ်ရပ်မှန် RAY ရုပ်ရှင် ဗန်ကူးဗားတွင်ပြသ
ပီတာအောင်
·
August 30, 2026
တော်လှန်ရေး ဖြစ်ရပ်မှန် RAY ရုပ်ရှင် ဗန်ကူးဗားတွင်ပြသ
1 / 13
Photo: Peter Aung-DVB
Donate to DVB

ဒါရိုက်တာ သည်ခေတ်နေရိုက်ကူးပြီး သရုပ်ဆောင် ထားထက်ထက်၊ ဒေါင်းနဲ့ အကယ်ဒမီ မင်းမော်ကွန်းတို့ ဦးဆောင်ပါဝင်တဲ့ တော်လှန်ရေး ဖြစ်ရပ်မှန်  RAY ရုပ်ရှင်ကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ဒေသစံတော်ချိန် ဩဂုတ် ၂၉ ရက်က ပြသသွားပါတယ်။

Burmese Canadian Society BC (BCSBC) ကစီစဉ်တဲ့ဒီပြပွဲကို ဗြိတိသျှကိုလံဘီယာနည်းပညာတက္ကသိုလ် (BCIT) မီဒီယာခန်းမမှာ ကျင်းပခဲ့တာမှာ  မြန်မာ့အရေး စိတ်ဝင်စားတဲ့ ကနေဒါရောက် မြန်မာပြည်သူတွေ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။

ဒီရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် နွေတော်လှန်ရေးခရီးကြမ်းကို ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးငယ်တယောက်အကြောင်း၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုတွေနဲ့ လက်တွေ့ ဖြစ်ရပ်မှန်တွေအပေါ် စာရေးဆရာ ခက်ဇော်က ကျောရိုးယူ ဇာတ်လမ်းရေးထားတာကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ထားတာပါ။

RAY ဇာတ်ကားဟာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေကြတဲ့  ရဲဘော်ရဲဘက်တွေအားလုံးကို ကိုယ်စားပြုတယ်လို့ ဒါရိုက်တာသည်ခေတ်နေနဲ့  သရုပ်ဆောင်ထားထက်ထက်တို့က ဒီကနေ့ ရုပ်ရှင်ပြပွဲအပြီးမှာ အွန်လိုင်းကနေ ပြောပါတယ်။

သရုပ်ဆောင် ထားထက်ထက်က “ဒီဇာတ်ကားလေးက အဖြစ်မှန်ကို အခြေခံထားတယ်ဆိုပေမဲ့  ထားထက်ထက် တယောက်တည်းရဲ့ အကြောင်းအရာကို ရည်ညွှန်းတာမဟုတ်ပါဘူး။ အခုအချိန်အထိ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်ရဲဘက်တွေ၊ တောထဲမှာ ဆက်ပြီး ရုန်းကန်နေကြဆဲ၊ အသက်ပေးသွားကြရတဲ့ ရဲဘော်ရဲဘက်တွေအားလုံးကို နောက်ပြီးတော့ ထောက်ပို့ ပေးနေကြတဲ့ ရဲဘော်ရဲဘက်တွေအားလုံးကိုပါ အကုန်လုံးကိုရည်ညွှန်းတဲ့ ဇာတ်ကားလေး တကားဖြစ်ပါတယ်။ ဇာတ်ကားလေးကြည့်ပြီးတဲ့အချိန်မှာ အားလုံး စိတ်ထဲမှာ ခံစားချက်လေးတခု ရရှိမယ်လို့ထားထက်ယုံကြည်ပါတယ်။ အားလုံးဆက်ပြီးတော့ အကုန်လုံးအတူတူ လက်တွဲပြီးတော့ နောက်ဆုံးအချိန်အထိရှိကြပါမယ်”လို့ ပြောပါတယ်။

ဒါရိုက်တာ ဒါရိုက်တာသည်ခေတ်က “ပြည်သူနဲ့အတူ ရပ်တည်ပေးနေကြတဲ့ တော်လှန်ညီအစ်ကိုမောင်နှမတယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ဒီကားဟာ RAY ဆိုပေမဲ့ RAY တယောက်တည်းကို ကိုယ်စားပြုတာမဟုတ်ပါဘူး။ ဒီနေ့ဒီအချိန်အထိ ရပ်တည်နေတဲ့ ကျနော်တို့ ရဲဘော်တွေအားလုံးကို ရှေ့တန်းကရဲဘော်တွေကော နောက်တန်းကလူတွေရာ  အဖက်ဖက်ကနေ ဝိုင်းဝန်းရပ်တည်ပေးနေကြတဲ့သူ အားလုံးကို ကိုယ်စားပြုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်”လို့ပြောပါတယ်။

သရုပ်ဆောင်မင်းသားဒေါင်းကတော့ တချိန်ချိန်မှာ နိုင်ငံသစ်၊ စနစ်သစ်တခုကို ဖော်ဆောင်တဲ့အခါ ဒီလိုဇာတ်လမ်းတွေကို ပြန်လည်ရိုက်ကူးပြီး နောင်လာနောင်သားတွေ မမေ့အောင်နဲ့  နိုင်ငံတကာက သိအောင်  ဆက်လက်ကြိုးစားလုပ်ဆောင်သွားရမယ်လို့ ပြောပါတယ်။ 

သရုပ်ဆောင် ဒေါင်းက “အားလုံးကို ဒီဇာတ်ကားကြည့်ပြီးတော့ တော်လှန်ရေးအတွက် ယုံကြည်ချက်အသစ်၊ မျှော်လင့်ချက်အသစ်၊ အိပ်မက်သစ်တွေနဲ့ ဆက်လက်ဖြတ်သန်းဖို့ ဆက်လက် တောင့်ခံရှေ့ဆက်နိုင်ဖို့ကို ခွန်အားတခုဖြစ်မယ်ဆိုရင်  ကျနော်တို့ လုပ်ရကျိုးနပ်ပါပြီ”လို့ ပြောပါတယ်။ 

ဒီနေ့ ရုပ်ရှင်ပြပွဲမစခင်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း အွန်လိုင်းကနေ ကနေဒါရောက် မြန်မာပြည်သူတွေကို မိန့်ခွန်းပြောကြားရာမှာ တော်လှန်ရေးရည်မှန်းချက် အောင်မြင်တဲ့အထိ အားလုံး ဝိုင်းဝန်းကြိုးပမ်း သွားကြဖို့ တိုက်တွန်းပြောသွားပါတယ်။ 

ဦးကျော်မိုးထွန်းက “ကျနော်တို့အားလုံးဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ကတော့ အရမ်းအရေး ကြီးတယ်ဆိုတာ ထပ်လောင်းပြောလိုပါတယ်။ ကျနော်တို့တွေ အားလုံးဝိုင်းဝန်းလုပ်ဆောင်မှ၊ အားလုံးအတူတကွ လုပ်ဆောင်မှ ကျနော်တို့ ရှေ့ကို အများကြီး ရောက်မှာဖြစ်တယ်။ ဒါကြောင့် အမြဲတမ်းပြောပြောနေတဲ့ စည်းလုံးမှုဆိုတာလည်း အရမ်းကို အရေးပါပါတယ်။ စည်းလုံးမှုဆိုတဲ့ဟာက ချက်ချင်းလုပ်ယူလို့ ရတဲ့အရာတော့ မဟုတ်ပါဘူး။ တတ်နိုင်သမျှ နားလည်မှုနဲ့ တတ်နိုင်သမျှ လက်တွဲလုပ်ရင်းလုပ်ရင်းနဲ့ စည်းလုံးမှုအားကောင်းအောင် လုပ်ရတာဖြစ်တယ်။ ဒီ ၅ နှစ်ကျော်ကာလအတွင်းလုပ်ဆောင်လာတဲ့ ပိုပြီး စုစည်းအားတွေ ပိုပြီးတော့ အားကောင်းအောင် ကျနော်တို့ ဆက်ပြီးတော့ ဝိုင်းဝန်းပေးကြဖို့ အထူးသဖြင့်တော့ နောက်ဆုံးတွန်းအားပေါ့ အပြည့်အားထည့်ပြီးတော့တွန်းတိုင်နိုင်ရင် ကျနော်ကတော့ တော်လှန်ရေး အောင်ကိုအောင်ရမယ်လို့ အပြည့်ယုံကြည်ပါတယ်။ ဒါကြောင့် အားလုံး ဝိုင်းဝန်းပေးကြပါ လက်ချင်းယှက်ပေးကြပါ၊ အားလုံးဝိုင်းဝန်းပြီးတော့ ဖြည့်နိုင်သမျှအားတွေနဲ့  တော်လှန်ရေး အဆုံးအထိ တော်လှန်ရေးရည်မှန်းချက် အောင်မြင်တဲ့အထိ အားလုံးသွားပေးကြဖို့  မေတ္တာရပ်ခံပါတယ်” 

RAY ဇာတ်ကားကိုတော့ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့မှာ ပြသပြီးအောင်မြင်မှုရခဲ့ကာ  အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ ပွဲဦးထွက်ပြသခဲ့ပြီး တက္ကဆက်ပြည်နယ်၊ နယူးယောက်မြို့နဲ့ ဆန်ဖရန်စ္စကိုမြို့မှာ ဆက်လက်ပြသဖို့ရှိနေပါတယ်။ 

ဒီကနေ့ ရုပ်ရှင်ပြပွဲနဲ့အတူ လက်ရှိမြန်မာပြည်တွင်းမှာ ပြည်သူတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ရေကြီး ရေလျှံသဘာဝဘေးအတွက် အလှူငွေကောက်ခံ လှူဒါန်းတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013