
ကနေဒါနိုင်ငံအနောက်ဘက်ခြမ်း၊ အယ်လ်ဘာတာပြည်နယ်၊ ဝိန်းရိုက်စစ်စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမီးလောင်မှုတွေမှာ ဒဏ်ရာရခဲ့တဲ့ စစ်သည် ၃၉ ယောက်ထဲက ၁၂ ယောက်မှာ ဆေးရုံကနေ ဆင်းခွင့်ရရှိသွားပြီဖြစ်ပေမဲ့ ကျန် ၂၇ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆက်လက် ဆေးကုသမှုခံယူနေရဆဲပဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဝိန်းရိုက်စစ်အခြေစိုက်စခန်းမှာ အောက်တိုဘာ ၁၇ ရက်က လက်ပစ်ဗုံးအစစ်သုံးပြီး ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်ခန်းလုပ်ရာကနေ မြက်ခင်းပြင်မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး မြန်မြန်ဆန်ဆန် ကူးစက်လောင်ကျွမ်းခဲ့တာမှာ စစ်သည် အနည်းဆုံး ၄ ယောက် သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးဌာန အရာရှိကြီးတယောက်က အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။
ဗိုလ်မှူးချုပ် ဗာနက်ဆာဟန်ရာဟန်က "မီးက အော်တိုမက်တစ် ဗုံးပစ်လောင်ချာ လေ့ကျင့်ရေးကွင်းမှာ စတင်ခဲ့တာပါ။ အဲဒီအချိန်မှာ ပုံမှန်စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေရင်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီစစ်သည်တွေနဲ့ အရန်တပ်ဖွဲ့ဝင်တွေဟာ ကနေဒါစစ်တပ်ရဲ့ အကြီးမားဆုံး နိုင်ငံတကာ စစ်ဆင်ရေးရှိရာ လတ်ဗီးယားနိုင်ငံကို စေလွှတ်ဖို့ ပြင်ဆင်နေကြသူတွေ ဖြစ်ပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့နေရာမှာ အမြဲတမ်း အန္တရာယ်ရှိဇုန်အတွင်း ဖြစ်နေတာကြောင့် မီးသတ်သမားတွေ တိုက်ရိုက်ဝင်ရောက် မီးငြှိမ်းသတ်ဖို့ အကန့်အသတ်ရှိခဲ့ပြီး လေကြောင်း ပြောင်းလဲကာ လေအရှိန် ပြင်းထန်လာတာကြောင့် မီးလောင်မှုအရှိန် ပိုပြင်းပြီး ဝိန်းရိုက်ထ်မြို့က တပ်စခန်းတခုလုံးကို မီးကူးစက်မြန်ခဲ့ရာကနေ အခုလို ဝမ်းနည်းဖွယ် အဖြစ်အပျက် ဖြစ်ပွားခဲ့ရတာလို့ ဆိုပါတယ်။
မီးကို စခန်းထိန်းချုပ်ရေးအဖွဲ့နဲ့ တပ်စခန်း မီးသတ်ဌာနတို့က တနေကုန် စောင့်ကြည့် နေခဲ့ရတယ် လို့လည်း ဆိုပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေရာနဲ့ အဖြစ်ဆိုးကြုံတွေ့ခဲ့ရတဲ့ တပ်စခန်းဧရိယာကြား ဘာတွေ ဆက်ဖြစ်ခဲ့သလဲဆိုတာကို စစ်ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ကနေဒါစစ်တပ်ရဲ့ စစ်ပွဲမရှိတဲ့ ငြိမ်းချမ်းရေးကာလမှာ အဆိုးရွားဆုံး ဝမ်းနည်းဖွယ် အဖြစ်အပျက်တွေထဲက တခုလည်း ဖြစ်ခဲ့ပါတယ်။
Source: Reuters











