
စစ်အာဏာရှင်အတွက် နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ အဓိကဒေါက်တိုင်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကဏ္ဍတခုလုံးအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့် ချမှတ်ဖို့ ကနေဒါအစိုးရကို အရပ်ဖက်အဖွဲ့အစည်း ၉၀ ကျော်က တောင်းဆိုလိုက်ပါတယ်။
တိုင်းရင်းသားအဖွဲ့အစည်းတွေအပါအဝင် ကနေဒါနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၉၂ ဖွဲ့က ကနေဒါနိုင်ငံခြားရေးဝန်ကြီး အနီတာအာနန်းထံ အောက်တိုဘာ ၁ ရက်က ပူးတွဲစာပေးပို့ တောင်းဆိုခဲ့ကြတာပါ။
မြန်မာပြည်သူတွေအပေါ် စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေကို အားပေးနေတဲ့ နိုင်ငံခြားငွေ စီးဆင်းမှုတွေကို ဖြတ်တောက်ဖို့ ကနေဒါနိုင်ငံအနေနဲ့ ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ပူးပေါင်းတောင်းဆိုတဲ့အဖွဲ့မှာပါဝင်တဲ့ Burma Campaign UK မှ မင်းတင့်ဗိုလ်က "ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍဟာ မြန်မာစစ်တပ်ရဲ့ အရေးအကြီးဆုံး ဝင်ငွေရလမ်းတွေထဲက တခု အဖြစ် ရှိနေတုန်းပါပဲ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေတွေဟာ အရပ်သားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုဆိုင်ရာ စစ်ဆင်ရေးတွေကို ဘဏ္ဍာငွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ကနေဒါဟာ မြန်မာ့ရေးရာမှာ ရှေ့ဆောင်လမ်းပြ ဦးဆောင်မှုကို ပြသခဲ့ဖူးတာမို့ အခုလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေး ကွင်းဆက် တခုလုံးကို ပစ်မှတ်ထား အရေးယူခြင်းအားဖြင့် နောက်ထပ် ခြေလှမ်းတဆင့်ကို လှမ်းသင့်ပါတယ်"လို့ ပြောပါတယ်။
နိုင်ငံတကာ စွမ်းအင်စီမံကိန်းတွေဟာ နေပြည်တော်ရှိ စစ်အာဏာရှင်အတွက် အဓိကကျတဲ့ ဘဏ္ဍာရေးအသက်ဆက်လမ်းကြောင်း ဖြစ်နေဆဲဖြစ်ကြောင်း လက်မှတ်ရေးထိုးစာပေးပို့တဲ့ အဖွဲ့တွေက သတိပေးထားပါတယ်။
အခုတောင်းဆိုလွှာမှာ အရေးကြီးတဲ့ စည်းမျဉ်းဆိုင်ရာ ဟာကွက်တခုကို မီးမောင်းထိုးပြထားပြီး၊ စစ်အာဏာရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) အပေါ် လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ဆက်လက် လုပ်ကိုင်နေတာကို တားဆီးနိုင်ခြင်း မရှိတဲ့ အချက်ကို ထောက်ပြထားပါတယ်။
အထူးသဖြင့် ကယ်ဂါရီမြို့အခြေစိုက် ကနေဒါနိုင်ငံရဲ့ Canadian Foresight Group ကုမ္ပဏီဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းကမ်းလွန်မှာ စတုရန်းကီလိုမီတာ ၁၃,၄၈၀ ကျယ်ဝန်းတဲ့ ကမ်းလွန် လုပ်ကွက် Block M-15 မှာ ၈၀ ရာခိုင်နှုန်းအထိ လုပ်ပိုင်ခွင့် ခွင့်ပြုမိန့် ရရှိထားကာ၊ ဒီစီမံကိန်းက တဆင့် စစ်အာဏာရှင်အတွက် နိုင်ငံခြားငွေကြေး အမြောက်အမြား ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။
အဖွဲ့အစည်း ၉၂ ဖွဲ့က ကနေဒါအစိုးရထံ မူဝါဒဆိုင်ရာ အဓိက တောင်းဆိုချက် ၃ ချက်ကို တင်ပြခဲ့တာမှာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ တူးဖော်ရေးနဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ကနေဒါ အဖွဲ့အစည်းတွေနဲ့ နိုင်ငံသားတွေ ပါဝင်ပတ်သက်ခွင့် အားလုံးကို တားမြစ်ဖို့၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေကို ပိတ်ဆို့မှု တိုးမြှင့်ဖို့၊ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ကနေဒါနိုင်ငံက တက်ကြွစွာ ကျင့်သုံးခဲ့တဲ့ ရှေ့တန်းမှ ဦးဆောင်အရေးယူခဲ့တဲ့ ရပ်တည်ချက်ကို ပြန်လည်ဖော်ဆောင်ကာ၊ လက်နက်၊ စက်ပစ္စည်းနဲ့ ဝင်ငွေစီးဆင်းမှု လမ်းကြောင်းတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု အသစ်တွေကို ပုံမှန် ပြန်လည်ထုတ်ပြန်ပေးဖို့ တွေပါဝင်ပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာ ဆိုးရွားလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကိုလည်း အလေးပေးဖော်ပြထားပြီး၊ မြန်မာစစ်အာဏာရှင်တပ်ဟာ ပျမ်းမျှ ၂ နာရီခွဲမှာ လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်နေပြီး ၂၉ နာရီမှာ ကလေးသူငယ် တယောက် သေဆုံးနေရတယ်လို့ အရပ်အဖက်အဖွဲ့အစည်းတွေရဲ့ စာမှာ အချက်အလက်တွေကို ကိုးကားဖော်ပြထားပါတယ်။










