အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးစစ်သားတွေကို သိက္ခာကျအောင် လုပ်သူတွေရဲ့ နိုင်ငံသားအဖြစ်ကို ရုပ်သိမ်းနိုင်မဲ့ ဥပဒေတခု အပါအဝင် ဥပဒေကြမ်း ၂ ခု ပြဋ္ဌာန်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
ဒါဟာ စက်တင်ဘာ ၁၂ ရက်က ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ ‘NAZA’ မှတ်တမ်းရုပ်ရှင်ရဲ့ အစ္စရေးဒါရိုက်တာတွေကို သတိပေးလိုက်တဲ့ သူရဲ့ နောက်ဆုံး ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်။
နေတန်ယာဟုက အစ္စရေးနိုင်ငံနဲ့ စစ်တပ်အပေါ် ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့တဲ့ ဖြစ်စဉ် ၃ ခု ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲဒါတွေကတော့ အစ္စရေးစစ်သားတွေဟာ ဝါသနာပါလို့ ကလေးတွေကို သတ်နေကြတာပါလို့ ပြောခဲ့တဲ့ ယာအီးရ် ဂိုလန်ရဲ့ ထုတ်ဖော်ပြောဆိုချက်၊ စစ်သားတွေကို မုဒိမ်းကောင်တွေအဖြစ် ပုံဖော်ထားတဲ့ ဗီဒီယိုအတု ထုတ်ပြန်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ ရှေ့နေချုပ်ရဲ့ လုပ်ရပ်နဲ့ စစ်သားတွေကို စစ်ရာဇဝတ်ကောင်တွေအဖြစ် ပုံဖော်ထားတဲ့ ‘NAZA’ ရုပ်ရှင်တို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးသတင်းထောက်တွေ ဖြစ်ကြတဲ့ ယုဗာလ် အာဗရာဟမ်နဲ့ ရာခဲလ် ရှောရ်တို့ ရိုက်ကူးထားတဲ့ ‘NAZA’ ရုပ်ရှင်မှာ ဂါဇာက အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာဟာ အစ္စရေးရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှု ဆုံးဖြတ်ချက်တွေထဲမှာ ပုံမှန်ပါဝင်နေလေ့ရှိတယ်လို့ စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်ကိုတော့ နေတန်ယာဟုနဲ့ အစ္စရေးစစ်တပ်က ငြင်းဆန်ထားကြပါတယ်။
ဒီရုပ်ရှင်ဟာ စစ်တပ်သုံး “အရပ်သား ထိခိုက် သေဆုံးမှု” ဆိုတဲ့ ဝေါဟာရကို ခေါင်းစဉ်တပ်ထားပြီး အမည်မဖော်သူ ထောက်လှမ်းရေးနဲ့ စစ်သားတွေကို အင်တာဗျူး ရိုက်ကူးထားတာပါ။
ရိုက်ကူးသူတွေကတော့ အစ္စရေးတွေအနေနဲ့ ဒီရုပ်ရှင်ကိုကြည့်ပြီး သေချာစဉ်းစားကြဖို့ တိုက်တွန်းထားပါတယ်။
ဒီဖြစ်စဉ်တွေကို တုံ့ပြန်ဖို့အတွက် နေတန်ယာဟုဟာ အစိုးရက တိုက်ရိုက်ဦးဆောင်မဲ့ ဥပဒေကြမ်း ၂ ခုကို ပြဋ္ဌာန်းဖို့ တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ပထမဥပဒေမှာ အစ္စရေးစစ်သားတွေကို သိက္ခာချသူတွေရဲ့ နိုင်ငံသားအဖြစ်ကို ရုပ်သိမ်းဖို့နဲ့ ဒုတိယဥပဒေမှာတော့ သိက္ခာဖျက်မှု လျော်ကြေးငွေ ပမာဏကို အဆ ၂၀ အထိ တိုးမြှင့်ပြီး ဘဏ္ဍာရေးအရ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် နက်တ်ဆက်တ် လွှတ်တော်ထဲက ဇီယွန်ဝါဒ ထောက်ခံသူတွေအားလုံး ဒီဥပဒေကို မဲပေးကြဖို့လည်း တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတွေရဲ့ သဘောထားမှတ်ချက်ကို တောင်းခံဖို့ ရိုက်တာသတင်းဌာနက ချက်ချင်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
၂၀၂၂ ခုနှစ်တုန်းက အစ္စရေးတရားရုံးချုပ်ဟာ နိုင်ငံတော်အပေါ် သစ္စာဖောက်ရာရောက်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်တဲ့ အစ္စရေးနိုင်ငံသားတွေရဲ့ နိုင်ငံသားအဖြစ်ကို ရုပ်သိမ်းခွင့်ပေးတဲ့ ဥပဒေတခုကို အတည်ပြုခဲ့ဖူးပါတယ်။
ဒါကြောင့် အခုသစ်ထွက်လာမဲ့ ဥပဒေပြုရေးမှန်သမျှဟာလည်း တရားရုံးမှာ အလားတူ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
Source: Reuters











