အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ နိုင်ငံရေးအနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တဲ့ လွှတ်တော်ရွေးကောက်ပွဲကို အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ ဒေသတွင်း စစ်ပွဲတွေ ဖြစ်ပွားအပြီးမှာ ပထမဆုံး ကျင်းပမဲ့ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ လူ ၁,၂၀၀ ခန့် သေဆုံးခဲ့ပြီး နောက်ဆက်တွဲ ဂါဇာစစ်ပွဲမှာတော့ ပါလက်စတိုင်း ၇၄,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဒီရွေးကောက်ပွဲမှာ နေတန်ယာဟုရဲ့ စစ်ပွဲကိုင်တွယ်မှုနဲ့ လုံခြုံရေးပျက်ကွက်မှုအပေါ် တာဝန်ခံရေးက အဓိကအကြောင်းအရာ ဖြစ်နေပါတယ်။
အဓိက ယှဉ်ပြိုင်သူများ
နေတန်ယာဟုဟာ လက်ယာယိမ်း လီကွတ်ပါတီကို ဦးဆောင်ထားပြီး အစွန်းရောက် လက်ယာယိမ်းပါတီတွေနဲ့ ရှေးရိုးစွဲ ဂျူးဘာသာရေးပါတီတွေရဲ့ ထောက်ခံမှုကို အားကိုးနေရပါတယ်။
သူ့ရဲ့ အဓိကပြိုင်ဘက်ကတော့ ဗဟိုဝါဒီ ယာရှာပါတီခေါင်းဆောင် အစ္စရေးစစ်ဦးစီးချုပ်ဟောင်း ဂါဒီ အိုင်ဆင်ကော့ ဖြစ်ပါတယ်။
အိုင်ဆင်ကော့ဟာ ဂါဇာစစ်ပွဲမှာ သားဖြစ်သူ သေဆုံးခဲ့ပြီး နေတန်ယာဟုရဲ့ စစ်ပွဲကိုင်တွယ်မှုကို ဝေဖန်ကာ ၂၀၂၄ ခုနှစ်မှာ အရေးပေါ်အစိုးရအဖွဲ့က နုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။
တခြား အတိုက်အခံခေါင်းဆောင်တွေထဲမှာ ဝန်ကြီးချုပ်ဟောင်း နပ်ဖ်တာလီ ဘင်နက်၊ လက်ယာယိမ်းခေါင်းဆောင် အဗစ်ဒေါ လီဘာမန်းနဲ့ လက်ဝဲယိမ်းခေါင်းဆောင် ယာအီယာ ဂိုလန်တို့ ပါဝင်ပါတယ်။
ရွေးကောက်ပွဲစနစ်နှင့် အစိုးရဖွဲ့စည်းမှု
အစ္စရေးမှာ မဲဆန္ဒရှင်တွေက ဝန်ကြီးချုပ်ကို တိုက်ရိုက်ရွေးချယ်တာ မဟုတ်ဘဲ နိုင်ငံရေးပါတီတွေကို မဲပေးကြတာ ဖြစ်ပါတယ်။
ကနက်ဆက်လို့ခေါ်တဲ့ အစ္စရေးလွှတ်တော်မှာ အမတ်နေရာ ၁၂၀ ရှိပြီး အစိုးရဖွဲ့ဖို့ အနည်းဆုံး အမတ် ၆၁ ဦးရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။
အစ္စရေးမှာ တနိုင်ငံလုံးကို မဲဆန္ဒနယ်တခုတည်းအဖြစ် သတ်မှတ်ထားပြီး အချိုးကျကိုယ်စားပြု စနစ်အရ ပါတီတွေက ရရှိတဲ့ မဲအချိုးအစားအလိုက် လွှတ်တော်အမတ်နေရာတွေ ခွဲဝေရရှိကြပါတယ်။
ဒါကြောင့် တပါတီတည်း အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်နေရာရဖို့ မလွယ်ဘဲ ပါတီတွေ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရလေ့ရှိပါတယ်။
နောက်ဆုံး လူထုသဘောထား စစ်တမ်းတွေအရ နေတန်ယာဟုဘက်နဲ့ အတိုက်အခံဘက် နှစ်ဖက်လုံး အမတ်နေရာ ၆၁ နေရာ ရရှိဖို့ မသေချာသေးပါဘူး။
ရွေးကောက်ပွဲအရေးပါမှုနှင့် အနာဂတ်
ဒီရွေးကောက်ပွဲမှာ စစ်မှုထမ်းခွင့် ကင်းလွတ်မှု၊ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကလည်း အဓိက အငြင်းပွားစရာတွေ ဖြစ်ပါတယ်။
ပါလက်စတိုင်းတွေအတွက်တော့ ရွေးကောက်ပွဲရလဒ်ဟာ ဂါဇာနဲ့ အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသရဲ့ အနာဂတ်အပေါ် သက်ရောက်နိုင်ပါတယ်။
ဒါပေမဲ့ အဓိက ဂျူးနိုင်ငံရေးပါတီတွေထဲမှာ ဘယ်ပါတီကမှ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို မထောက်ခံကြပါဘူး။
အောက်တိုဘာ ၂၇ ရက် မဲရုံပိတ်ပြီးမှ ခန့်မှန်းရလဒ်တွေ ထွက်လာဖို့ရှိပေမဲ့ တရားဝင်ရလဒ်ကို နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ဖို့ ရှိပါတယ်။
အဲဒီနောက် သမ္မတ အိုင်ဇက် ဟာဇော့က အစိုးရဖွဲ့နိုင်ခြေရှိတဲ့ ခေါင်းဆောင်ကို ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ တာဝန်ပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်ပါတီ အမတ်နေရာအများဆုံး ရမလဲဆိုတာထက် အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ထောက်ခံမှုကို ဘယ်သူ စုစည်းနိုင်မလဲ ဆိုတာက နေတန်ယာဟုရဲ့ နိုင်ငံရေးအနာဂတ်ကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
Source: Reuters











