
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ နိပွန်သတင်းထောက်ကလပ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်ကိုယ်စားလှယ် ဦးစောဘလှသိန်းက ဧပြီ ၁၆ ရက်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲကို NHK သတင်းဌာနအပါအဝင် ဂျပန်သတင်းဌာနတွေက တက်ရောက်ခဲ့ ကြပြီး သတင်းဌာနအသီးသီးက မေးမြန်းမှုတွေကို အသေးစိတ် ပြန်လည်ဖြေဆိုခဲ့ပါတယ်။
လက်ရှိ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကို ဒီထက် ပိုမိုအရှိန်အဟုန်မြှင့်တင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး အောင်ပွဲကို အမြန်ဆုံးရယူနိုင်ဖို့ စစ်ရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ပိုမို ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းနိုင်ဖို့ အခုလို ဖွဲ့စည်းတာလို့လည်း NUG ဂျပန်ကိုယ်စားလှယ် ဦးစောဘလှသိန်းက သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့ အဓိကလိုအပ်ချက်တခုဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာက ပိုမိုသိရှိအောင် အခုလို သတင်းစာရှင်းပွဲ ပြုလုပ်ရတာပါလို့ DVB ကို ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး တရားဝင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။










