
အမေရိကန်စစ်တပ်ဟာ ၃ ရက်အတွင်း မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းမြို့ ဘန်ဒါအဘတ်စ်က စစ်စခန်းတခုကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ခြိမ်းခြောက်နေတဲ့ အီရန်တိုက်ခိုက်ရေးဒရုန်း ၄ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က မေ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အီရန်က မြေပြင်ထိန်းချုပ်ရေးစခန်းကနေ ပဉ္စမမြောက် ဒရုန်းကို လွှတ်တင်ဖို့ ပြင်ဆင်နေချိန်မှာ အမေရိကန်က အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အမေရိကန် အရာရှိတယောက်က “ဒီလုပ်ရပ်ဟာ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းဖို့နဲ့ ကာကွယ်ရေးသက်သက်သာ ဖြစ်တယ်” လို့ ဆိုပါတယ်။
အမေရိကန် ရေနံတင်သင်္ဘောတစင်း ရေလက်ကြားကို ဖြတ်သန်းချိန်မှာ အီရန် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်က ပစ်ခတ်ခဲ့လို့ လှည့်ပြန်ခဲ့ရတယ်လို့ အီရန်စစ်တပ် သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မေ ၂၅ ရက်ကလည်း အမေရိကန်က အီရန်တောင်ပိုင်းက မိုင်းထောင်ဖို့ ကြိုးစားနေတဲ့ ဒုံးကျည်စခန်းတွေနဲ့ လှေတွေကို တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ “အပစ်အခတ်ရပ်စဲရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်တာဖြစ်တယ်” လို့ အီရန်အစိုးရက ရှုတ်ချထားပါတယ်။
“အီရန်ဟာ ဘယ်တော့မှ နျူကလီးယားလက်နက် ရမှာမဟုတ်ဘူး” လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို ကလည်း အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ရေလက်ကြား ဖြတ်သန်းသွားလာမှုကို စီမံခန့်ခွဲတဲ့ ပါရှန်းပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။










