
ရုရှားလုံခြုံရေးအရာရှိတွေဟာ မော်စကိုမြို့ရှိ အမှီအခိုကင်းတဲ့ သတင်းစာတစောင်ဖြစ်တဲ့ နိုဗာယာ ဂါဇက်တီအမည်ရ သတင်းစာတိုက်ကို ဧပြီ ၉ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး နာမည်ကြီး သတင်းထောက်တယောက်ကို ဖမ်းဆီးထားတယ်လို့ RIA နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန် ပါတယ်။
ဖမ်းဆီးခံရတဲ့ သတင်းထောက် အိုလဂ် ရိုလ်ဒူဂင်ကို ကိုယ်ရေးအချက်အလက်တွေ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးမေးမြန်းနေတယ်လို့ အာဏာပိုင်တွေဘက်က ပြောပါတယ်။
ရိုလ်ဒူဂင်ဟာ အရင်က စိုးဘီးဆိ(ဒ်)နစ် အမည်ရ အပတ်စဉ်ထုတ် သတင်းစာတစောင်ကို ဦးစီးခဲ့သူဖြစ်ပါတယ်။
အဲဒီသတင်းစာဟာ ၂၀၂၄ ခုနှစ်တုန်းက နာမည်ကြီး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ အကျဉ်းထောင်အတွင်း သေဆုံးမှုကို မျက်နှာဖုံးသတင်း ဖော်ပြခဲ့ပြီး လပိုင်းအကြာမှာပဲ “နိုင်ငံခြားအေးဂျင့်” အဖြစ် သတ်မှတ်ခံခဲ့ရကာ အဲဒီနောက်ပိုင်းမှာတော့ သတင်းစာထုတ်ဝေမှုတွေကို ဖိအားပေး ရပ်နားခဲ့ရပါတယ်။
ရိုလ်ဒူဂင်ဟာ မကြာသေးခင်ကပဲ ချေချင်းညာခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်ရဲ့ မိသားစုနဲ့ ဆက်စပ်တဲ့ နောက်လိုက်ဟောင်းတယောက်က ရုရှားမှာ ဈေးအကြီးဆုံး Penthouse တိုက်ခန်းကို ဘယ်လိုပိုင်ဆိုင်သွားသလဲ ဆိုတာကို နိုဗာယာ ဂါဇက်တီ သတင်းစာမှာ စုံစမ်းဖော်ထုတ် ရေးသားခဲ့ပါတယ်။
ကြာသပတေးနေ့ မနက်ပိုင်းက ရိုလ်ဒူဂင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေခံရပြီးနောက်မှာ သူ့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားတယ်လို့ နိုဗာယာ ဂါဇက်တီ သတင်းစာက ပြောပါတယ်။
ဒါပေမဲ့ ရုံးခန်းကို ဝင်ရောက်စီးနင်းမှုဟာ သူ့အမှုနဲ့ တိုက်ရိုက်ပတ်သက်နေသလား ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
နိုဗာယာ ဂါဇက်တီ သတင်းစာဟာ ရုရှားရဲ့ နာမည်ကြီး စုံစမ်းထောက်လှမ်း သတင်းရေးသားမှုနဲ့ နာမည်ကြီးတဲ့ သတင်းမီဒီယာတခု ဖြစ်ပါတယ်။
အယ်ဒီတာချုပ် ဒီမီထရီ မူရာတော့ဗ်ဟာ ၂၀၂၁ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိခဲ့ပြီး အဲဒီဆုကို လုပ်ငန်းခွင်အတွင်း အသတ်ခံခဲ့ရတဲ့ သူ့သတင်းစာတိုက်က သတင်းထောက် ၆ ယောက်အတွက် အထိမ်းအမှတ်အဖြစ် ရည်စူးခဲ့ပါတယ်။
မူရာတော့ဗ်ကိုလည်း ၂၀၂၃ ခုနှစ်မှာ “နိုင်ငံခြားအေးဂျင့်” လို့ သတ်မှတ်ခံထားရပြီး ဒီတံဆိပ်ကို ရုရှားအစိုးရက ပြည်ပထောက်ခံမှုနဲ့ အစိုးရဆန့်ကျင်ရေး လုပ်တယ်လို့ ယူဆတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို သတ်မှတ်လေ့ရှိပါတယ်။
Source: Reuters










