
မြန်မာအမျိုးသမီးတယောက်ကို တရုတ်နိုင်ငံထဲပို့ပြီး တရုတ်အမျိုးသားဆီ ကျပ်ငွေ သိန်း ၉၀ နဲ့ ရောင်းစားခဲ့တဲ့ မူဆယ်မြို့ခံ ၃ ယောက်ကို စက်တင်ဘာ ၂၄ ရက်က မူဆယ်ခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂၅ နှစ်စီကျခံဖို့ အမိန့်ချခဲ့ပါတယ်။
ပဲခူးတိုင်း သနပ်ပင်မြို့နယ် ငါးချဉ်ပိုင်းကျေးရွာနေ အမျိုးသမီးတယောက်ကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နေ မျိုးအေး (ခ) မျိုးအောင်၊ နန်းမိုး (ခ) ရတနာ (ခ) ပလောင်မနဲ့ မိုင်းအိုက်ရီတို့က တရုတ်နိုင်ငံ ရွှေလီမြို့ထဲက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်ရမယ်ဆိုပြီး စည်းရုံးပြောဆိုခဲ့တာပါ။
အဆိုပါအမျိုးသမီးကို မူဆယ်မြို့ကနေ တဆင့် တရုတ်ပြည်ထဲ ပို့ဆောင်ပြီး ငွေကျပ် သိန်း ၉၀ နဲ့ တရုတ်အမျိုးသားတယောက်ဆီ ရောင်းစားခဲ့တာလို့ စစ်အာဏာရှင်အာဘော် သတင်းစာမှာ ဖော်ပြပါတယ်။
အမှုနဲ့ပတ်သက်ပြီး မူဆယ်မြို့မရဲစခန်းမှာ လူကုန်တားဥပဒေ ပုဒ်မ ၃၈(က)/ ၄၄ နဲ့ တရားစွဲဆို အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၄ ရက်မှာ တရားခံ မျိုးအေး (ခ) မျိုးအောင်၊ နန်းမိုး (ခ) ရတနာ (ခ) ပလောင်မနဲ့ မိုင်းအိုက်ရီတို့ ၃ ယောက်ကို မူဆယ်ခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂၅ နှစ်စီ ကျခံဖို့ အမိန့်ချမှတ်ခဲ့တာပါ။
ဒါ့အပြင် ရန်ကုန်တိုင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ညောင်ပင်ကျေးရွာက အမျိုးသမီး ၂ ယောက်ကို တရုတ်ပြည်ထဲ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ရင် မြန်မာငွေ ၁၅ သိန်းလောက် ရမယ်လို့ စည်းရုံးပြီး ရှမ်းမြောက် လားရှိုးမြို့မှာ ရှိနေတဲ့ မခိုင်ဝင်းထွေးထံ ချိတ်ဆက် ပို့ဆောင်ခဲ့တဲ့ ဒေါ်နီလာ (ခ) နီလာဝင်းနဲ့ ခင်ပွန်း ဦးချမ်းမြေ့အောင် တို့ကိုလည်း ထောင်ဒဏ်အနှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ သတင်းက ဆိုပါတယ်။
အဆိုပါအမှုကို သရက်ပင်ချောင်နယ်မြေရဲစခန်းမှာ လူကုန်တား ဥပဒေ ပုဒ်မ ၃၅/၄၄ နဲ့ တရားစွဲဆို အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့မှာ ဒဂုံမြို့သစ်ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။ ဒီအမှုမှာ ပါဝင် ပတ်သက်နေတဲ့ မခိုင်ဝင်းထွေးကတော့ ထွက်ပြေးတိမ်းရှောင်နေပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ဝရမ်းထုတ်ထားပါတယ်။
Source: MOI










