
တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မှာ တရုတ်ငွေဈေး မငြိမ်တာကြောင့် အရောင်းအဝယ် လုပ်ငန်းရှင် တွေ အခက်ကြုံနေကြရတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
အခု နိုဝင်ဘာ လဆန်းပိုင်းမှာ တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၆၀,၀၀၀ ကျော်ကနေ ၁၀ ရက်အတွင်း ၇၀,၀၀၀ ကျော်အထိ ထိုးတက်သွားတယ်လို့ နယ်စပ် အရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။
နယ်စပ်ကုန်သည်တယောက်က “ကုန်ဈေးနှုန်းက တက်ပြီပေါ့။ ငွေဈေးက မြန်မာငွေတကျပ်ကို တရုတ်ငွေ ၀ ဒသမ ၀၀၁၅ ကနေ ၀ ဒသမ ၀၀၁၃ ကျော် ဖြစ်သွားပြီလေ” လို့ ပြောပါတယ်။
မနေ့ မနက်က တရုတ်ငွေဈေး နည်းနည်းကျတယ်လို့ ပြောပေမဲ့ တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာငွေ ၇၀,၀၀၀ အောက်တော့ မရှိသေးဘူးလို့ သူက ပြောပါတယ်။
ဈေးရောင်းဈေးဝယ်လုပ်တဲ့ အမျိုးသမီးတယောက်က “တရုတ်ငွေဈေး တက်ရင် ဈေးရောင်းရ အဆင်မပြေတော့ဘူး။ ရောင်းပြီးရင် ပြန်ဝယ်ရတာက ကိုယ်ရောင်းတဲ့ဈေးနဲ့ ပြန်ဝယ်ရတယ်” လို့ ပြောပါတယ်။
ငွေဈေး ပြန်ကျသွားရင်လည်း ကိုယ်က ဈေးကြီးကြီးဝယ်ထားတော့ ရောင်းရခက်သွားသလို ကုန်တွေ ရောင်းကုန်သွားပေမဲ့ အမြတ်မရဘဲ အရင်းပဲ ပြန်ပြန်ဖြစ်သွားတာကြောင့် အခက်ကြုံ နေကြရတယ်လို့ သူက ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ တာဝန်ထမ်းဆောင်ဖူးသူတယောက်က “အဓိက ငွေစျေးမတည်ငြိမ်တာက ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးကြောင့် ဆိုတာထက် ကမ္ဘာ့အခင်းအကျင်းနဲ့လည်း ဆိုင်တယ်လို့ မြင်ပါတယ်။ အကြံပြုချင်တာကတော့ အရှုံးမကြီးချင်ရင် တနေ့တာရဲ့ ဝင်ငွေကို ယွမ်နဲ့ချိန်းထားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ မြန်မာငွေတန်ဖိုး ဆက်ကျဆင်းဖို့ အလားအလာ များနေပါတယ်။ ခုကာလမျိုးမှာ ဘဏ်လည်းမအပ်သင့်သလို ရွှေလည်း ဝယ်မစုသင့်ဘူးခင်ဗျ။ အရင်ကတော့ ရွှေနဲ့မြေ ကိုင်ထားရင် အမြတ်ကြမ်းတယ်။ ခုကကျ စက္ကူကိုင်ထားတာက ပိုစိတ်ချရတယ်လို့ ထင်ပါတယ်။ အမြတ်တော့မကြီးပေမဲ့ အရှုံးလည်း မများလောက်ဘူး” လို့ ပြောပါတယ်။
ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်က ယွမ်ပေး ကျပ်ယူ ငွေသားယူရင် ယွမ် ၁၀၀ ကို ၇၁,၃၀၀ ကျပ် ဈေးပေါက်ပြီး Kpay နဲ့ယူရင် ၇၁,၅၀၀ ကျပ် ဈေးရှိကာ ကျပ်ပေး ယွမ်ယူဆိုရင် ယွမ် ၁၀၀ ယူမယ် ဆိုရင် ၇၃,၀၀၀ ကျပ် ဈေးနှုန်းရှိတယ်လို့ ငွေလဲလှယ်သူတွေက ပြောပါတယ်။











