
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေး မတည်ငြိမ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံတဝန်းရှိ စီးပွားရေးစနစ်တခုလုံးကို အခြေခံမှစ၍ ပြိုလဲစေခဲ့သည်။ ဤကျဆင်းမှု၏ တိုက်ရိုက်ဒဏ်ကို အခြေခံလူတန်းစားများနှင့် မိသားစုများ၊ အထူးသဖြင့် ဆယ်ကျော်သက်နှင့် လူငယ်အမျိုးသမီးငယ်များက အပြင်းထန်ဆုံး ခံစားနေကြရသည်။ ဝင်ငွေရလမ်းများ လုံးဝမရှိခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အလုပ်အကိုင် ရှားပါးလာခြင်းတို့ကြောင့် မိသားစုတာဝန်ကို ထမ်းဆောင်ရန်အတွက် ရရာအလုပ်ဖြင့် ရုန်းကန်နေကြရသည်။
ဤကဲ့သို့ ရွှေ့ပြောင်းလာကြရာတွင် အညာဒေသ (စစ်ကိုင်းနှင့် မကွေးတိုင်းဒေသများ) နှင့် မန္တလေးမြို့တို့မှ ဆယ်ကျော်သက်နှင့် လူငယ်အမျိုးသမီးငယ်များသည် အသက်ရှင် ရပ်တည်ရေးအတွက် မန္တလေးမြို့မှစတင်ကာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ သိန်းနီ၊ ကွတ်ခိုင် မြို့နယ်များကို ဖြတ်သန်းကာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သော မူဆယ်မြို့ (၁၀၅မိုင် ကုန်သွယ်ရေးဇုန် အပါအဝင်) အထိ ဆက်သွယ်ပေးသည့် ပြည်ထောင်စုလမ်းမကြီးကို အဓိကအသုံးပြုကာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရွှေ့ပြောင်းလာကြရခြင်း ဖြစ်သည်။
ဖိစီးလာသည့် မိသားစုတာဝန်နှင့် ကုန်ဈေးနှုန်းဒဏ်
ရှမ်းပြည်နယ်မြောက်ပိုင်း၏ ပြည်ထောင်စုလမ်းမနှင့် ညဘက်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အသက် ၁၈ နှစ်၊ ၁၉ နှစ်အရွယ် သဲငယ်နှင့် ဖြူစင်တို့ကဲ့သို့သော အမျိုးသမီးငယ်များသည် ကိုယ်ပိုင်ဆန္ဒကြောင့် ဤလောကထဲသို့ ရောက်ရှိလာကြခြင်း မဟုတ်ပေ။ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်မားမှုများကြောင့် မိသားစုအတွင်း အကျပ်အတည်း၊ စားသောက်စရိတ် မြင့်မားမှုနှင့် အိမ်ငှားခများ၏ ဖိစီးမှုများကြားတွင် ရှင်သန်ရပ်တည်ရန် ဝင်ငွေရှာဖွေရန် ဖိအားနှင့် ရင်ဆိုင်ခဲ့ရသူများ ဖြစ်ကြသည်။ မိဘနှင့် မောင်နှမငယ်များ၏ စားဝတ်နေရေးနှင့် ကျောင်းစရိတ်များကို ထောက်ပံ့ပေးရန် တခုတည်းသော ရွေးချယ်စရာအဖြစ် ကျန်ရှိနေသောကြောင့် ဤလုပ်ငန်းများဆီသို့ ဝင်ရောက်လာကြရခြင်း ဖြစ်သည်။
ဤလုပ်ငန်းများတွင် တလလျှင် ငွေကျပ် ၇ သိန်းမှ ၁၅ သိန်းအထိ ရရှိသည်ဆိုစေကာမူ ၎င်းတို့၏ ဝင်ငွေအများစုမှာ မိမိတဦးတည်းအတွက် သုံးစွဲရန်မဟုတ်ပေ။ အညာဒေသနှင့် မန္တလေးဘက်တွင် ကျန်ရစ်ခဲ့ကြသော မိဘများနှင့် မောင်နှမငယ်များ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ကျောင်းစရိတ်များကိုပါ ခွဲဝေထောက်ပံ့နေရခြင်း ဖြစ်သည်။ လက်ရှိ ကုန်ဈေးနှုန်း အဆမတန် မြင့်မားနေချိန်တွင် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် အိမ်ငှားခများအတွက် တလလျှင် သိန်းနှင့်ချီ ကုန်ကျနေသဖြင့် အဆိုပါဝင်ငွေမှာ တလစာ သို့မဟုတ် လိုအပ်ချက်များကို အနိုင်နိုင် ဖြည့်တင်းရုံသာ ရှိတော့သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုး ကျဆင်းမှုနှင့်အတူ ကုန်စည်နှင့် ဝန်ဆောင်မှုအားလုံး၏ ဈေးနှုန်းများမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့သောကြောင့် ဖျော်ဖြေရေးလုပ်ငန်းများမှ ရရှိလာသော လုပ်ခလစာ ငွေပမာဏမှာ ဂဏန်းအားဖြင့် များပြားသယောင် ရှိသော်လည်း အမှန်တကယ် ဝယ်ယူနိုင်စွမ်းမှာ အလွန်တရာ နည်းပါးနေကာ မိသားစု၏ အခြေခံလိုအပ်ချက်များကိုပင် ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပေ။
ညဘက် ဖျော်ဖြေရေးလုပ်ငန်းများအတွင်းမှ လက်တွေ့ဘဝနှင့် အန္တရာယ်များ
ဤကဲ့သို့ ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု ဖိစီးမှုများ ပြင်းထန်လွန်းအားကြီးခြင်းကပင် လုံခြုံရေးအရ အလွန်အမင်း အန္တရာယ်ကြီးမားပြီး ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်နစ်နာနိုင်သည့် ဤဖျော်ဖြေရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းလောကဆီသို့ ဆယ်ကျော်သက်နှင့် လူငယ်အမျိုးသမီးငယ်များကို အခြားရွေးချယ်စရာလမ်းကြောင်း မရှိတော့သည်အထိ တွန်းပို့နေသည့် အဓိက စီးပွားရေး ရိုက်ခတ်မှုတခု ဖြစ်လာနေသည်။
KTV လုပ်ငန်း လက်တွေ့တွင် ရှမ်းမြောက်ရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ KTV တွင် အလုပ်လုပ်သည့် Lady တဦးသည် ဧည့်သည်ခေါ်ဆိုပါက တနာရီလျှင် ၁၂,၀၀၀ ကျပ်ရရှိပြီး ပိုင်ရှင်က ၃,၀၀၀ ကျပ် ယူသည်။ ဧည့်သည်က ဟင်းပွဲမှာပါက ဟင်းပွဲတပွဲလျှင် ၁,၀၀၀ ကျပ် ရရှိကာ အခန်းဝင်သည်နှင့် Lady များအတွက် Cola သို့မဟုတ် Shark ဘူးများ ချပေးသည်။ မသောက်ဖြစ်ပါက တဝက်ဈေးဖြင့် ဆိုင်သို့ ပြန်သွင်းခွင့်ရှိသော်လည်း ဧည့်သည်များ မူးလာပါက ဟိုကိုင်ဒီကိုင် ခံရခြင်းမျိုးကိုပါ ရင်ဆိုင်ကြရသည်။
အနှိပ်ခန်းလုပ်ငန်း: ရှမ်းမြောက် သိန်းနီမြို့ရှိအနှိပ်ခန်းတခုတွင် အလုပ်လုပ်နေသူများအနေဖြင့် ဆိုင်ကို ဧည်သည်လာရင် ဧည်သည်က တနာရီလျှင် ၁ သိန်းကျပ် ပေးရပြီး ၅ သောင်းကျပ်ကို ဆိုင်ကယူကာ ကျန်တဝက်ကို ဝန်ထမ်းများက ရရှိကြသည်။ ဧည့်သည်များကို အကြို့အပို့လုပ်ပေးသော ဆိုင်ကယ်ကယ်ရီသမားများ ရှိသကဲ့သို့ အနှိပ်ခန်းက သူတို့ကိုလည်း ကယ်ရီဖြင့် ဈေးလိုက်ပို့ပေးသည်များ ရှိပြီး ညနေ ၄ နာရီမှစ၍ မနက်ခင်းအထိ အလုပ်ဝင်ကြရသည်။
Date Girl Agency လောက
မူဆယ်မြို့ရှိဟိုနားရပ်ကွက် အိမ်တအိမ်တွင် ကောင်မလေးများ အုပ်စုလိုက် စုပြုံနေထိုင်ကြပြီး ညနေဘက် ဟိုတယ်တခုခုက ဖုန်းဆက်လာမှသာ သွားရောက်ရသည်။ အလုပ်ချိန်မှာ ည ၇ နာရီခွဲမှ မနက် ၅ နာရီအထိဖြစ်ပြီး တလလျှင် ၂ ရက်သာ အပြင်ထွက်ခွင့်ရှိကာ ကျန်ရက်များတွင် အပြင်မထွက်ရဘဲ ဧည့်သည်တွေနဲ့ Date သည်အချိန်မှသာ အပြင်ထွက်ရသည့်အတွက် Date Girl ဘဝတွင် ကျင်လည်ရကာ အချို့လူများ၏ နှမချင်းမစာနာစွာ ပြုကျင့်မှုများကိုပါ ကြုံတွေ့နေကြရသည်။
KTV နှင့် အနှိပ်ခန်းများတွင် လုပ်ကိုင်ရခြင်းမှာ ဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရခြင်း၊ K ခေါ် မူးယစ်ဆေးဝါးအပြင် Happy Water ကဲ့သို့သော မူးယစ်ဆေးဝါးများကို အတင်းအကျပ် သောက်ခိုင်းခြင်းကြောင့် အမျိုးသမီးငယ်များအတွက် အလွန်အမင်း အန္တရာယ်များလှသည်။ လုပ်အားခ မရရှိခြင်း၊ အခန်းထိုင် Lady ဖြစ်သော်လည်း ငွေအမြောက်အမြား ပုံပေးကာ ဟိုတယ်သို့ ခေါ်ဆောင်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်များကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရသည်။ ၂၀၂၄ ခုနှစ်အတွင်း မန္တလေးမြို့၌ ဖြစ်ပွားခဲ့သော KTV ဧည့်ခံအမျိုးသမီးငယ်များ အသတ်ခံရမှုများ၊ မူးယစ်ဆေးဝါးလွန်ကဲ၍ သေဆုံးရမှုများနှင့် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှု စာရင်းဇယားများသည် ဤကဏ္ဍတွင် လူမှုဖူလုံရေးနှင့် တရားဥပဒေအရ အကာအကွယ်ပေးမှု မည်မျှအားနည်းနေကြောင်း ပေါ်လွင်စေသည်။ အနှိပ်ခန်းများတွင် လုပ်ကိုင်သူများသည် HIV နှင့် ကာလသားရောဂါများ ကူးစက်နိုင်ခြေ အလွန်မြင့်မားပြီး အချိန်မီ ဆေးကုသမှုများ မရကြသည့်အခါ အသက်အန္တရာယ်အထိပင် စိုးရိမ်ဖွယ်အထိ ဖြစ်လာနိုင်ချေရှိသည်။ အပြင်လောကသို့ ပြန်လည်ရောက်ရှိရန် ကြိုးစားကြသည့်တိုင် လူမှုရေးအရ ခွဲခြားဆက်ဆံခံရမှုများနှင့် အသိုက်အဝန်း၏ ဖယ်ကျဉ်မှုကိုပါ ထပ်မံရင်ဆိုင်ကြရကာ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးအရပါ ထိခိုက်နစ်နာမှုများ ရှိနေဆဲဖြစ်သည်။
အကာအကွယ်မဲ့နေသော လူသားအရင်းအမြစ်များ (နိဂုံး)
ခြုံ၍ဆိုရသော် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးနှင့် စီးပွားရေး ပဋိပက္ခနောက်ခံကားချပ်ကြီးအောက်တွင် အမျိုးသမီးငယ်များ၏ ဘဝများမှာ အလွန်တရာ ကျပ်တည်းနေပြီး အကာအကွယ်မဲ့လျက် ရှိနေသည်။ ၎င်းတို့သည် မိသားစုကို ကူညီလိုသည့် စေတနာနှင့် အခြေအနေအရပ်ရပ်ကြောင့် ဤလမ်းကြောင်းပေါ်သို့ ရောက်ရှိလာကြရသော်လည်း ရေရှည်တွင် ကျန်းမာရေး၊ လုံခြုံရေးနှင့် လူ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဆုံးရှုံးမှုကြီးများကို ရင်ဆိုင်နေကြရသည်။
”ခေတ်တွေပြန်ကောင်းလာရင် ကိုယ်ပိုင်အင်္ကျီဆိုင်လေး ဖွင့်ချင်တယ်” ဆိုသည့် သဲငယ်၏ဆန္ဒက ပြည်သူလူထု၊ အထူးသဖြင့် လူငယ်အမျိုးသမီးများ၏ ငြိမ်းချမ်းပြီး လုံခြုံသော လူမှုစီးပွားဘဝကို လိုလားတောင့်တနေမှုကို ပုံဖော်ပြသနေပေသည်။ သို့သော် နိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ရမည့် ဆယ်ကျော်သက်နှင့် လူငယ်အမျိုးသမီးငယ်များအတွက် လုံခြုံသည့် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ လုံးဝမရှိတော့ဘဲ ဤကဲ့သို့ အန္တရာယ်ကြီးမားသည့် မှောင်ခိုဖျော်ဖြေရေးလောကထဲသို့ အလွယ်တကူ တွန်းပို့ခံနေရခြင်းက နိုင်ငံတနိုင်ငံ၏ လူသားအရင်းအမြစ်တခုလုံး ရေရှည်တွင် အကြီးအကျယ် ပြိုလဲပျက်စီးတော့မည်ကို မီးမောင်းထိုးပြနေခြင်းပင် ဖြစ်ပေသည်။
သက်တန့်နွေဦး











