
မြောက်ပိုင်းမဟာမိတ်ညီနောင်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ကုမ္ပဏီတခုကို ထပ်မံစီးနင်းခဲ့ပေမဲ့ လူမတွေ့တာကြောင့် ပစ္စည်းတွေကိုပဲ သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်လောက်ကတည်းက AA၊ MNDAA နဲ့ SSPP/SSA အဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးနေတာဖြစ်ပြီး မော်တောင်းရွာမကျေးရွာအုပ်စု၊ ခိုတိန်ရွာက အွန်လိုင်းငွေလိမ်ကုမ္ပဏီကို ဒုတိယအကြိမ် စီးနင်းတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “နှစ်ကြိမ်မြောက် ကျားဖြန့်ရုံ ဖျက်သိမ်း၊ ဒီတခါ ဘာမ်သိပ်မရှိဘူး။ ရှမ်း စစ်သားတွေ လာဖမ်းတာခ” လို့ ပြောပါတယ်။
အဲဒီက အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့လူ ဘယ်နှယောက်ဖမ်းမိလဲဆိုတာတော့ မသိဘူးလို့ သူက ပြောပါတယ်။
နောက်ထပ်ဒေသခံအမျိုးသမီးတယောက်က “သူတို့ဝင်ဖမ်းနေတာ ၃ ရက်လောက်ရှိပြီ။ AA၊ MNDAA၊ SSPP/SSA သုံးဖွဲ့စလုံး လာဖမ်းတာ။ ဒါပေမဲ့ ပစ္စည်းတွေကို အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းကျမှ ယူခိုင်းတာ။ အရင်တခေါက် ဖမ်းမိတဲ့လူတွေကိုတော့ ကချင်ဆိုရင် KIA အဖွဲ့ဆီ ပို့တယ်။ ဒီ တခေါက်တော့ မသိသေးဘူး။ အရင်တခါ (ဩဂုတ်လက) ဝင်စီးတဲ့ မော်တောင်းလုံ ခိုတိန်ဘက်က ကျားဖြန့်ရုံမှာပဲ ကျားဖြန့်ပြန်လုပ်ကြတာကိ်ဖမ်းတာ ဟုတ်တယ်” လို့ ပြောပါတယ်။
ကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်တဲ့ ခေါင်းဆောင်ပိုင်းတွေက ရှောင်ပြေးသွားကြတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီ ငွေလိမ်စခန်းက ဖမ်းမိထားသူတွေကို ပြီးခဲ့တဲ့အခေါက်မှာတော့ တနေရာတည်းမှာစုထားပြီး ကချင်ဆိုရင် KIA တပ်ဖွဲ့၊ တရုတ်ဆိုရင် MNDAA တပ်ဖွဲ့စသဖြင့် သက်ဆိုင်ရာလက်နက်ကိုင် တပ်ဖွဲ့ ဘက်ကို ပို့လိုက်တယ်လို့သိရပြီး အခုတော့ ဘယ်လိုလုပ်မယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတယောက်က “တရုတ်နိုင်ငံသား ၃၀၀ ထက်မနည်းနဲ့ လည်ပတ်နေတဲ့ တရုတ် နိုင်ငံသား လုပ်ငန်းရှင်ပိုင် အွန်လိုင်းငွေလိမ်ကျားဖြန့်ဆိုက်ကို ကြိုတင်သတင်းပေးပြီး စီးနင်းခဲ့တာ” လို့ ပြောပါတယ်။
စီးနင်းချိန်မှာ လူမရှိတဲ့ကျားဖြန့်ရုံကိုပဲ တွေ့ရှိခဲ့ပြီး အဓိကအသုံးအဆောင်ပစ္စည်းတွေကိုတော့ ရှာဖွေပုံစံ သိမ်းဆည်းသွားတာလို့ သူက ပြောပါတယ်။
အဆောက်အအုံထဲက တခြားအသုံးအဆောင်ပစ္စည်းတွေကို အနီးဝန်းကျင်က ဒေသခံတွေ စိတ်ကြိုက်မွှေနှောက်ယူဆောင်သွားကြတာလို့ဆိုပါတယ်။
ပြီးခဲတဲ့ ဩဂုတ် ၁၃ ရက်နေ့ကလည်း အဲဒီ ခိုတိန်ရွာက ကျားဖြန့်စခန်းကို SSPP/SSA ဘက်က ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး ဩဂုတ် ၁၅ ရက်မနက် အစောပိုင်းမှာ အဲဒီ ကျားဖြန့်စခန်းမှာ ကျန်ရှိနေတဲ့အသုံးအဆောင်ပစ္စည်းတွေကို ဒေသခံတွေက ဝင်ရောက် ယူဆောင်ခဲ့ ကြပါသေးတယ်။











