
၁၉၅၅ ခုနှစ်တုန်းက လက်တွဲဖော်ကို သတ်ဖြတ်မှုအတွက် ယူကေမှာ ကွပ်မျက်ဖို့ သေဒဏ်စီရင်ချက် ချခံရတဲ့ နောက်ဆုံး အမျိုးသမီးတယောက်ကို အစိုးရရဲ့ အကြံပေးချက်အရ ဇူလိုင် ၈ ရက်မှာ ချားလ်စ်ဘုရင်က သူ့ပြစ်ဒဏ်ကို တသက်တကျွန်း ထောင်ဒဏ်အဖြစ် ပြောင်းလဲခဲ့တယ်လို့ တရားရေးဝန်ကြီး ဒေးဗစ်လမ်မီက ပြောပါတယ်။
ရုသ်အဲလစ်စ်ဟာ အိမ်တွင်းအကြမ်းဖက်မှု၊ အနိုင်ကျင့်မှုနဲ့ အတင်းအကျပ် ထိန်းချုပ်တဲ့ အပြုအမူတွေကို ခံခဲ့ရတဲ့ အထောက်အထားတွေက ဒီနေ့ခေတ်မှာ ကွဲကွဲပြားပြား နားလည်ထားနိုင်တယ်ဆိုတာ ဒီလုပ်ဆောင်ချက်က ထင်ဟပ်နေတယ်လို့ အစိုးရက ပြောပါတယ်။
လွတ်ငြိမ်းခွင့်အတွက် လျှောက်လွှာကို အဲလစ်စ်ရဲ့ မြေး ၄ ယောက်က တင်သွင်းခဲ့တာပါ။ လူသတ်မှုကို ရန်စတဲ့ အကြောင်းပြချက်ကြောင့် လူသေမှုအဖြစ် လျှော့ချဖို့ သူ့ညီမ မူရီယယ်ဂျာကူဘိတ်က လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကြိုးစားခဲ့ဖူးပါတယ်။
ဘုရင်မှာ လွတ်ငြိမ်းခွင့် ဒါမှမဟုတ် ပြစ်ဒဏ်လျှော့ပေါ့ခွင့် ပေးဖို့ အခွင့်အရေးရှိပြီး လက်တွေ့မှာ အစိုးရက တောင်းဆိုမှသာ ဒီအခွင့်အရေးကို သုံးတာပါ။
သေဒဏ်ဟာ ၁၉၉၈ ခုနှစ်အထိ ဗြိတိသျှဥပဒေမှာ ရှိနေခဲ့ပေမဲ့ ၁၉၆၅ ခုနှစ်မှာ လူသတ်မှုအတွက် ပြစ်ဒဏ်အဖြစ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။ နောက်ဆုံးကွပ်မျက်တာတွေကို ၁၉၆၄ ခုနှစ်မှာ လုပ်ခဲ့ပြီး အမျိုးသား ၂ ယောက်ကို လူသတ်မှုအတွက် ကြိုးပေးခဲ့ပါတယ်။
Source: Reuters










