
ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်၊ ဆီရားချားမြို့ထဲမှာ စက်တင်ဘာ ၁ ရက် မနက်က မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ၁ စီး ဘရိတ်ပေါက်ရာက ယာဉ် ၃ စီး ဆင့်ကဲတိုက်ပြီး ၉ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဆီရားချားမြို့ ဆူရဆဒ်ရပ်ကွက် ဆွန်ဆေဂုံးကျော်တံတားအနီးမှာ မနေ့ မနက် ၈ နာရီလောက်က ယာဉ်ဆင့်ကဲတိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင့် သတင်းပေးပို့ချက်ရတာကြောင့် အရေးပေါ်လူနာတင်ယာဉ်၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆီရားချားနယ်မြေရဲစခန်း တာဝန်ကျစခန်းမှူးက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ခရီးသည်တင် အနီရောင်ဖယ်ရီကားက အရှေ့က သံချောင်းတွေ တင်လာတဲ့ အီဇူစူးတံဆိပ် အဖြူရောင် ၁၀ ဘီးကားကို အရှိန်ပြင်းစွာ ဝင်တိုက်ထားပြီး အဆိုပါ ဆယ်ဘီးကားက လည်း သူ့ရှေ့က အီဇူစူး အဖြူရောင် ၆ ဘီးကားကို ထပ်ပြီးတိုက်ခဲ့တာလို့ ဆိုပါတယ်။
လမ်းပေါ်မှာ ထိခိုက်ဒဏ်ရာရသူတွေ လွင့်စင်လဲကျနေသူ ၉ ယောက်ရှိပြီး မြန်မာအလုပ်သမား တွေချည်းဖြစ်တယ်။ ကယ်ဆယ်ရေးအဖွဲ့က သူတို့ကို ရှေးဦးသူနာပြူစုပေးပြီး ဆီရားချား ဖယား ထိုင်း ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
ဆက်လက်စစ်ဆေးချက်အရ အဆိုပါ ကား ၃ စီးဟာ ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာတယ်။ မီးပွိုင့်နားရောက်တော့ မီးနီတာကြောင့် ရှေ့က ၆ ဘီးကား နဲ့ အလယ်က ၁၀ ဘီးကားတို့ဟာ အရှိန်လျော့လိုက်တယ်။ ဒါပေမဲ့ နောက်ဆုံးက လိုက်လာတဲ့ ဖယ်ရီကားမှာ ဘရိတ်ပေါက်သွားပြီး အရှိန်မထိန်းနိုင်တော့ဘဲ ရှေ့က ၁၀ ဘီးကားကို တိုက်လိုက်တာကြောင့် ၁၀ ဘီးကားက ၆ ဘီး ကားကို ဝင်ဆောင့်လိုက်တာလို့ ဆိုပါတယ်။
ရှေ့ကား ၂ စီးမှာ အသက် ၃၃ နှစ်အရွယ် နဲ့ ၅၃ နှစ်အရွယ် ထိုင်းအမျိုးသားတို့ မောင်းနှင်ပြီး ဖယ် ရီကားကိုတော့ အသက် ၃၂ နှစ်ရွယ်ရှိ မြန်မာနိုင်ငံသား မျိုးဇင်ဦးက မောင်းလာတယ်။ သူဟာ မြန်မာအလုပ်သမားတွေ လုပ်ငန်းခွင်ဝင်ဖို့ သွားကြိုလာစဉ် အခုလို မတော်တဆယာဉ်တိုက်မှု ဖြစ်သွားတာလို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Thairath News / Sriracha News











