
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ ကျဆင်းလာတာ ကြောင့် ရေကြီးရေလျှံကာ စပါးဧကထောင်ချီ ရေမြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၈ ရက်ကစတင်ပြီး ဇူလိုင် ၃၀ ရက်အထိ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မြန်အောင်မြို့နယ်၊ ရွေးကုန်းကျေးရွာအုပ်စုနဲ့ ထိန်သေးကြီးကျေးရွာအုပ်စုတို့မှာ မိုးစပါးဧက ၁,၀၀၀ ကျော် ရေနစ်မြုပ်နေပါ။
ဒေသခံလယ်သမားတယောက်က “စပါးခင်းတွေ ရေနစ်မြုပ်နေတာက ၄ ရက်လောက်အထိ ကြာတာ့ အကုန်ပုပ်ပွ ပျက်စီးကုန်ပါတော့မယ်။ မိုးအရမ်းများပြီး တောင်ကျရေတွေ ကျဆင်းလာလို့ ရေမြုပ်ကုန်တာ။ ဆက်ရွာနေရင် အကုန်ပျက်စီးသွားမှာ''လို့ ပြောပါတယ်။
စပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးနေချိန်မှာ စစ်အာဏာရှင်လက်အောက်ခံ သက်ဆိုင်ရာ ဌာနဆိုင်ရာ တွေက ဇူလိုင် ၃၁ ရက် အထိ လာရောက် စစ်ဆေးတာ၊ စာရင်းကောက်တာ၊ အကူအညီပေးတာတွေ မရှိသေးဘူးလို့ မြန်အောင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
“အခုရေမြုပ်သွားတဲ့ပုံစံနဲ့ ရေမြုပ်တဲ့ရက်က မနှစ်ကထက် ပိုဆိုးတယ်လို့ ထင်ရပါတယ်။ အခု ရေမြုပ်တဲ့ စပါးခင်းတွေက စိုက်ပြီးတာ ၂ ပတ် လောက်ပဲရှိသေးတဲ့ စပါးတွေလို့ သိရပါတယ်။ လုံးဝကိုမြုပ်တာ။ တောင်သူတွေက မနှစ်ကလည်း ပျက်စီးတာတွေနဲ့ ကြုံခဲ့ရသေးတယ်။”
လတ်တလော ရေနစ်မြုပ်နေတဲ့ စပါးခင်းတွေဟာ ဆက်လက်ရေနစ်မြုပ်ပြီး ၇ ရက် လောက် ကြာပါက လုံးဝပြန်မရတဲ့အထိ ဆုံးရှုံးသွားမှာလို့ ဒေသခံ တောင်သူတွေက ဆိုပါတယ်။ ဒါ့အပြင် ရွှေခရုတွေ ရေနဲ့ပါလာပြီး ရေမမြုပ်သေးတဲ့ စပါးခင်းတွေကို ဖျက်ဆီးမှာကိုလည်း တောင်သူတွေ စိုးရိမ်နေပါတယ်။
ရေကြီးမှုကြောင့် မြန်အောင်မြို့နယ်ထဲက ရွေးကုန်းကျေးရွာအုပ်စုနဲ့ ထိန်သေးကြီးကျေးရွာအုပ်စုကို ဆက်သွယ်ထားတဲ့ ကျေးလက်ကုန်ထုတ်တံတားအပေါ် ရေ ၂ ပေကျော်အထိ ကျော်တက် နစ်မြုပ် နေတာကြောင့် လမ်းအသုံးပြုသူတွေပါ အခက်တွေ့နေပါတယ်။










