
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ ခုအတွက် လူငယ် ၅၀ ထက်မနည်း စစ်မှုထမ်းဆောင်ခဲ့ရပေမဲ့ အဲဒီလူငယ်တွေထဲက ၂ ယောက်သာ အိမ်ပြန်ခွင့် ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြန်အောင်မြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၅ နဲ့ ၆ အတွက် စုဆောင်းခံခဲ့ရတဲ့ လူငယ် ၅၀ ထက် မနည်းဟာ စစ်အာဏာရှင်တပ်ရဲ့ တပ်ရင်းအသီးသီးမှာ စစ်မှုထမ်းတာဝန်တွေ ထမ်းဆောင်ခဲ့ရပြီး နိုဝင်ဘာ ၂ ရက်မှာ စစ်မှုထမ်းကာလ ၂ နှစ် ပြည့်မြောက်ခဲ့ပေမဲ့ လူငယ် ၂ ယောက်သာ အိမ်ပြန်ခွင့် ရခဲ့တယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က ဆိုပါတယ်။
“အဲဒီလူငယ်တွေထဲမှာ စစ်မှုထမ်းကာလ ပြည့်မြောက်ပေမဲ့ အိမ်ပြန်ခွင့်မရတာက တချို့ သေဆုံးသွား တာ ရှိသလို တချို့ကိုလည်း အိမ်ပြန်ခွင့်မပေးဘဲ ဆက်လက်တာဝန်ထမ်းဆောင်ခိုင်း နေတာ ကြောင့်ပါ။”
စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီး အိမ်ပြန်ခွင့်ရခဲ့တဲ့ ၂ ယောက်ဟာ စစ်မှုထမ်းအပတ်စဉ် ၅ နဲ့အတူ တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ကိုကိုနိုင်နဲ့ ဧရာဝတီတိုင်း၊ ပုသိမ်ဘက်မှာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ အပတ်စဉ် ၆ က ထွန်းမင်းစိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။
စစ်မှုထမ်းမိသားစုဝင်တယောက်က “အပတ်စဉ် ၆ မှာ ပါသွားတာပါ။ သတ်မှတ်ကာလပြည့်လို့ သွားစုံစမ်းပေမဲ့ အဆင်မပြေဘူး။ တပ်ရင်းဘက်ကလည်း မသိဘူး၊ ဆက်သွယ်အကြောင်းကြားတာ မရှိဘူးလို့ ငြင်းလိုက်တယ်။ ဘာမှ မျှော်လင့်လို့မရဘူး” လို့ ပြောပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၅ နဲ့ ၆ က လူငယ်တွေဟာ စစ်မှုထမ်းကာလ ပြည့်မြောက်ပေမဲ့ အိမ်ပြန်ခွင့် မရတဲ့အတွက် မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံခွင့်မရဘဲ စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်စေခဲ့ပြီး အဲဒီနောက် စစ်မှုထမ်းသင်တန်း အပတ်စဉ်တွေ ဖွင့်လှစ်ကာ လူငယ်တွေ ကို စုဆောင်းခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပုံမှန်စစ်မှုထမ်းကာလကို ၂ နှစ်အထိ သတ်မှတ်ထားပြီး နိုင်ငံတော် အရေးပေါ်အခြေအနေမှာ ၅ နှစ်အထိ တိုးမြှင့်နိုင်တဲ့ ပြဋ္ဌာန်းချက်လည်း ပါဝင်ပါတယ်။
သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်တဲ့ လူငယ်တွေကို အိမ်ပြန်ခွင့်မပေးဘဲ ဆက်လက် တာဝန်ထမ်းဆောင်ခိုင်းတဲ့ ဖြစ်စဉ်တွေကြောင့် စစ်မှုထမ်းလူငယ်တွေနဲ့ မိသားစုဝင်တွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။











