
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစံတင့်နဲ့ ဝက်ကုမ္ပဏီ လုပ်ငန်းရှင် ဦးအောင်ဝင်းစိန်တို့ ၂ ယောက် အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သူတို့ ၂ ယောက်ဟာ ဇူလိုင် ၁၄ ရက်က ညောင်ပင်ခွကျေးရွာမှာ လက်နက်ကိုင်အဖွဲ့တခုက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် အသတ်ခံရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဦးစံတင့်က ဓနုအမျိုးသားရေးလုပ်တာ။ ပါတီမှာဆိုရင် ဒုဥက္ကဋ္ဌ နေရာယူထားတယ်။ ဘယ်အဖွဲ့က ဖမ်းခေါ်ပြီး သတ်တာလဲဆိုတာ ကျနော်တို့လည်း မသိရဘူး။ ပါတီခေါင်းဆောင်ပိုင်းတွေကတော့ ဝမ်းနည်းကြောင်းတွေ ထုတ်ပြန်နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာမှာရှိတဲ့ ဦးစံတင့်နဲ့ ဦးအောင်ဝင်းစိန် တို့ရဲ့ အလောင်းကို ဇူလိုင် ၁၄ ရက်က ညောင်ပင်ခွကျေးရွာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သတ်ဖြတ်ခံရသူ ဦးစံတင့်ဟာ စစ်အာဏာရှင်တပ်အတွက် ကျေးရွာအတွင်းက ကားတွေကို ချောဆွဲပေးတယောက် ဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးခံထားရသူလို့ ဆိုပေမဲ့ ဦးအောင်ဝင်းစိန် ကတော့ ဘာကြောင့် အသတ်ခံရတယ် ဆိုတာကို မသိရသေးပါဘူး။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဘက်ကို မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးသလို ပါတီဘက်ကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဟာ စစ်အာဏာရှင်က ပြုလုပ်တဲ့ ၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲတုန်းက ၇ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် တနေရာ အနိုင်ရရှိခဲ့ပါတယ်။










