
ဆိုရှယ်မီဒီယာ၊ Tik Tok ပေါ်မှာ အခုရက်ပိုင်းအတွင်း ဓနုလူမျိုးနဲ့ ပအိုဝ်းလူမျိုးကြား သွေးခွဲစေဖို့ ရေးသားတာတွေ၊ ပုံဖော်တာတွေကို နားမယောင်ဖို့အတွက် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က ဇွန် ၁၆ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
ဓနုလူမျိုးနဲ့ ပအိုဝ်းလူမျိုးက တမြေတည်းနေ တရေတည်းသောက်ရင်း အတူတကွ ယှဥ်တွဲနေထိုင်လာတာ နှစ်ပေါင်းများစွာရှိလာခဲ့ပြီး စကစနဲ့ အပေါင်းအပါတွေက အွန်လိုင်းပလက်ဖောင်းတချို့မှာ သွေးခွဲလှုံ့ဆော်ဝါဒဖြန့်တဲ့ လုပ်ကြံပြောဆိုမှုကို နားမယောင်ဖို့ အသိပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
DSNDA ပြန်ကြားရေးတာဝန်ရှိသူက “Video တွေကို လူငယ်တွေ အပြန်အလှန်တိုက်ခိုက်မှုအနေနဲ့ တင်နေကြတာ၊ တခြားသောဆိုးကျိုးတွေ မဖြစ်ပေါ်စေလိုလို့ မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ်တားဆီးပေးခြင်းပါ။ လူမျိုးစုလိုက်ကြီး ပြောဆိုနေကြတာတော့ မဟုတ်ဘူး။ နားဝင် နားယောင်မိသူတွေပဲ ပြောဆိုနေကြတာ”လို့ ပြောပါတယ်။
စကစရဲ့ ဗျူဟာတခုဖြစ်တဲ့ လူမျိုးရေးသွေးခွဲနေမှုတွေကို နှစ်ဖက်လူမျိုးစုတွေက နားမယောင်ကြဖို့နဲ့ အွန်လိုင်းကနေ သွေးထိုးလှုံ့ဆော်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး လိုအပ်ရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်က တိုင်းရင်းသားလူမျိုးစုအချင်းချင်းကြား သွေးထိုးလှုံ့ဆော်မှုတွေကို ပြုလုပ်လေ့ရှိသလို ၂၀၂၄ ခုနှစ်တုန်းကလည်း ပအိုဝ်းတိုင်းရင်းသားနဲ့ ကယားတိုင်းရင်းသား/ကယန်းတိုင်းရင်းသားတွေကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ရန်တိုက်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။










