
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန်ကပီနယ်မြေမှာ အလုပ်လုပ်နေတဲ့ ပအိုဝ်းတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သား လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ခဲ့ရာကနေ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားနဲ့ ထိုးသတ်မှု ဇူလိုင် ၃၁ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လီမော်ကျေးရွာဇာတိ အသက် ၂၇ နှစ်အရွယ် နန်းပေါ် ဖြစ်ပါတယ်။
နီးစပ်သူတွေရဲ့ ပြောပြချက်အရ ခင်ပွန်းဖြစ်သူဟာ မူးယစ်ဆေးဝါးနဲ့ ကထော့ (ဘိန်းစာရွက်ရည်) ကို ပုံမှန်သုံးစွဲလေ့ရှိသူဖြစ်ပြီး ဖြစ်စဉ်မတိုင်ခင်မှာလည်း မူးယစ်ဆေး သုံးထားတဲ့ အခြေအနေနဲ့ လင်မယား စကားများခဲ့ပြီးနောက် ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်ခဲ့တာလို့ သိရပါတယ်။
ဘန်ကောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ ပအိုဝ်းရွှေ့ပြောင်းလုပ်သားတယောက်က “နိုင်ငံခြားထွက် အလုပ်လုပ်တာ မိသားစုဘဝကောင်းဖို့ပဲ။ ဒါပေမဲ့ ဒီဘက်ရောက်မှ မိတ်ဆွေ အပေါင်းအသင်းကြောင့် လမ်းမှားရောက်ပြီး ဒေါသနဲ့ မူးယစ်ဆေးဝါးတွေကြောင့် အသက်ဆုံးရှုံးရပြီး ကလေး ၂ ယောက် မိဘမဲ့ ကျန်ခဲ့ရတာက အတော်ဝမ်းနည်းစရာကောင်းပါတယ်" လို့ ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက် အရေးယူသွားမယ်လို့ သိရပါတယ်။
နန်းပေါ်ရဲ့ နာရေးကို ဩဂုတ် ၄ ရက်နေ့မှာ ဗန်တွေဘုန်းကြီးကျောင်းမှာ ပအိုဝ်းယဉ်ကျေးမှုအတိုင်း ပြုလုပ်ခဲ့ပြီး မီးသင်္ဂြိုဟ်ခဲ့ပါတယ်။










