
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွေ့ခွမ်နယ်မြေရှိ ကွန်ဒိုတိုက်ခန်းတခုမှာ ဩဂုတ် ၄ ရက်က အလုပ်လုပ်နေတဲ့ ပအိုဝ်းရွှေ့ပြောင်းလုပ်သားတယောက် မီးသီးလဲနေချိန်အတွင်း ဓာတ်လိုက်ပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
မီးသီးအသစ်လဲဖို့ မျက်နှာကြက်အဖုံးကိုဖွင့်ကာ လှေကားနဲ့တက်ပြီး အလုပ်လုပ်နေချိန်မှာ ဖိနပ်မစီးထားတာကြောင့် လျှပ်စစ်ဓာတ်ထိတွေ့ပြီး အသက်ဆုံးရှုံးခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
ပအိုဝ်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က “သူက ဒီကွန်ဒိုမှာ အလုပ်လုပ်တာ ၂ နှစ်လောက်ရှိပြီ။ မီးသီးလဲရင်း ခဏလေးအတွင်း ဓာတ်လိုက်သွားတာပါ။ ကယ်ဆယ်ဖို့တောင် အချိန်မရလိုက်ဘူး။ လျှပ်စစ်နဲ့ဆိုင်တဲ့ အလုပ်တွေမှာ အကာအကွယ်ပစ္စည်းတွေကို မဖြစ်မနေ သုံးသင့်တယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေက အန္တရာယ်ရှိတဲ့ အလုပ်တွေကို နေ့တိုင်းလုပ်နေရတာဖြစ်လို့ လုပ်ငန်းခွင် ဘေးကင်းရေးကို ပိုပြီးဂရုစိုက်ဖို့လိုပါတယ်” လို့ ပြောပါတယ်။
ပအိုဝ်းလူမှုကူညီရေးအသင်းက အခင်းဖြစ်နေရာကို သွားရောက်ကူညီခဲ့သလို ရုပ်အလောင်းကိစ္စနဲ့ ကျန်ရစ်သူမိသားစုအတွက် လိုအပ်တဲ့အကူအညီတွေကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
သေဆုံးသူဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယမ်ကျေးရွာက အသက် ၃၈ နှစ်အရွယ် ခွန်ကဲဉ်း ဖြစ်ပြီး ဩဂုတ် ၆ ရက်က ဘန်တွေဘုန်းကြီးကျောင်းမှာ နာရေးအခမ်းအနားကျင်းပကာ မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။
ဇူလိုင် ၃ ရက်တုန်းကလည်း ဘန်ကောက်မြို့ စင်ဝတ်ခြောင်နယ်မြေက ဂဟေဆော်လုပ်ငန်းခွင် တခုမှာ ဓာတ်လိုက်မှုဖြစ်ခဲ့ပြီး ပအိုဝ်းရွှေ့ပြောင်းလုပ်သားတယောက် သေဆုံးခဲ့သေးတယ်လို့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။










