
ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တောင်ခမ်းတပ်နယ် စစ်ကောင်စီတပ် ၄၀၂ နဲ့ ၉၀၆ ကနေ ဆုတ်ခွာထွက်ပြေးလာချိန် ဖမ်းဆီးရခဲ့မိတာဖြစ်ပြီး လက်ရှိမှာတော့ သုံ့ပန်းတွေကို ဆေးဝါးကုသပြီး ထိန်းသိမ်းထားတယ်လို့ DPLA ဆီက သိရပါတယ်။
DPLF ပြန်ကြားရေးတာဝန်ရှိသူက “၅ ယောက်ဖမ်းဆီးရမိထားတယ်ပေါ့၊ အဲအထဲမှာမှ တယောက်က ကျနော်တို့ရဲဘော်ရဲ့ ညီအကိုဖြစ်နေတယ်ပေါ့လေ။ သူက စကစတပ်မှာ ၁၀ နှစ်ဝန်းကျင်ရှိပြီ” လို့ ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့အကိုဖြစ်သူဟာ ဖမ်းဆီးရမိချိန်မှာ မူးယစ်ဆေးသုံးစွဲထားတယ်လို့သိရပြီး ပွန်းပဲ့ဒဏ်ရာတွေကို ညီဖြစ်သူက ဆေးထည့်ပေး၊ ဂရုစိုက်ပေးတယ်လို့ သိရပါတယ်။
DPLF တပ်ဖွဲ့ဝင် ညီဖြစ်သူက “ပျော်လည်းပျော်တယ်၊ စိတ်လည်းမကောင်းဘူးကွာ။ ဒါပေမယ့် သူ အဲလိုအသက်ရှင်တာမျိုးတွေ့ရတာ နည်းနည်းတော်သေးတာပေါ့၊ မေးဖော် စကားပြောဖော်ရသေးတယ်” လို့ ပြောပါတယ်။
DPLF တပ်ဖွဲ့ဟာ နောင်ချိုမြို့က ရှေ့တန်းစစ်မျက်နှာပြင်နဲ့ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတို့မှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်တွန်းလှန်နေတာ ဖြစ်ပါတယ်။