
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်ရဲ့ အကျင့်ပျက် လာဘ်စားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ Paoh သတင်းစုံ 2 အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ပုဒ်မ ၆၆ (ခ) နဲ့ ဇူလိုင် ၂၈ ရက်မှာ အမှုဖွင့်အရေးယူလိုက်တယ်လို့ ရဲအသိုက်အဝန်းက သိရပါတယ်။
ရဲမှူးချုပ် ကျော်ကျော်ဟန်ဟာ ရဲတပ်ဖွဲ့ဝင်တွေကို ရာထူးအပြောင်းအရွှေ့လုပ်ရာမှာ အဂတိလိုက်စား လာဘ်ငွေယူခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့တာကြောင့် မနေ့ နေ့လယ် ၂ နာရီခွဲက ရဲမှူးချုပ် ကျော်ကျော်ဟန် အမိန့်နဲ့ ရဲအုပ်တယောက်က တောင်ကြီးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က "ဇူလိုင် ၂၆ ရက်က သူ မကောင်းကြောင်းတင်တဲ့ Paoh သတင်းစုံ 2 အကောင့်ကို ရဲမှူးချုပ်က ဒေါသထွက်ပြီး သူ့အမိန့်နဲ့ ရဲအုပ်တယောက်ကို တောင်ကြီး ရဲစခန်းမှာ ပုဒ်မ ၆၆ (ခ)နဲ့ အမှုဖွင့်ခိုင်းတာ”လို့ ပြောပါတယ်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးဟာ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင် ရာထူးနေရာတွေအတွက် ဂါရဝပြုကြေး လစဉ်ကြေးတွေ တောင်းနေလို့ လက်အောက်ခံ ရဲဝန်ထမ်း တချို့မှာ အခက်အခဲတွေနဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရတယ်ဆိုပြီး ဇူလိုင် ၂၆ ရက်က Paoh သတင်းစုံ 2 အကောင့်က လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။
ရဲမှူးချုပ် ကျော်ကျော်ဟန်ဟာ ငွေကြေးနဲ့ လာဘ်ယူရာမှာ ထင်ရှားကျော်စောသူ တယောက်ဖြစ်ပြီး ရာထူး အပြောင်းအရွှေ့တွေမှာ ငွေကြေး မရရင် ပြောင်းရွှေ့တဲ့ ရဲတွေကို ရဲတပ်ရင်းကို ပို့လေ့ရှိတယ်လို့ ရဲမိသားစုဝင် တယောက်က DVB ကို ပြောပါတယ်။
"ရဲဝန်ထမ်းလောကမှာ အောက်ခြေက ရဲတွေက မြို့နယ်မှူး၊ ခရိုင်မှူး၊ ရဲတိုင်းမှူးတွေကို အဆင့်ဆင့်ရှာကျွေးရတာ၊ မပေးမကျွေးရင်နေရာ မရဘူး။ အပြောင်းအရွှေ့ဆိုလည်း ဒီအတိုင်းပဲ။ ပိုက်ဆံမပေးရင် ရဲတပ်ရင်းတွေကို ပို့တာ။ ပြည်နယ်ထဲမှာ ရှမ်းပြည်နယ်က ရဲမှူးချုပ်က အောက်တန်း အကျဆုံးပဲ ပြောင်းလာတာ ၁ နှစ်ကျော်ပဲရှိသေးတယ်။"
လတ်တလောမှာ တောင်ကြီးမြို့မရဲစခန်းက Paoh သတင်းစုံ-2 အကောင့်ပိုင်ရှင်ကို (ပ)၅၇/၂၀၂၆ ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ခ) နဲ့ အမှုဖွင့်ထားပြီး ဒီအမှုဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးနေရာကို စစ်အာဏာရှင်ခေါင်းဆောင်က ရဲမှူးချုပ် တင်ကိုကို၊ ရဲမှူးချုပ် ဝင်းမင်းသိန်းနဲ့ ရဲမှူးချုပ် ကျော်ကျော်ဟန်တို့ကို ခန့်ထားခဲ့တာ ဖြစ်ပါတယ်။










