
လတ်တလော ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို ဆိုက်ရောက်လာဖို့ရှိတဲ့ လေကြောင်းခရီးစဉ် ၁,၀၀၀ ကျော် ရုပ်သိမ်းသွားပြီး ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအပြင် တက္ကစီ မောင်းသမားတွေရဲ့ ဝင်ငွေတွေပါ ရိုက်ခတ်မှုရှိနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ က စတင်ခဲ့တဲ့ ကမ္ဘာ့အရှေ့အလယ်ပိုင်းပဋိပက္ခတွေ ဖြစ်ပေါ်ပြီးတဲ့နောက် ထိုင်းနိုင်ငံကို ဆိုက်ရောက်ဖို့ရှိတဲ့ လေကြောင်းလိုင်းရဲ့ ခရီးစဉ်အားလုံး ၁၀,၀၀ ကျော် ဖျက်သိမ်းခဲ့ပါတယ်။
ဒါတွေဟာ လေယာဉ်ခရီးစဉ်အားလုံးရဲ့ ၃ ရာခိုင်နှုန်းရှိတယ်လို့ Aeronautical Radio of Thailand Co., Ltd. ရဲ့ လက်ထောက် မန်နေဂျင်းဒါရိုက်တာ မစ္စတာ ဆူရချိုင်း နူဖရုမ်းက မတ် ၁၈ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။
အဆိုပါ ပြန်ရုပ်သိမ်းတဲ့ ခရီးစဉ်တွေထဲမှာ သုဝဏ္ဏဘုမိလေဆိပ်မှာ ၆၀၀ ကျော်၊ ဖူးကက်လေဆိပ်မှာ ၄၀၀ ကျော်တို့အပြင် ကရပိ၊ ချင်းမိုင်နဲ့ ဒွန်းမောင်းလေဆိပ်တို့မှာလည်း ပါရှိတယ်လို့ ဆိုပါတယ်။
ထိုင်းလေကြောင်းရေဒီယို (AeroThai) အနေနဲ့တော့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်၊ အထူးသဖြင့် လေကြောင်းခရီးစဉ် စီမံခန့်ခွဲမှုကို ထိခိုက်စေနိုင်တဲ့ လေကြောင်းလိုင်းပျံသန်းမှု လမ်းကြောင်း ပြောင်းလဲမှုတွေ၊ အချို့သောနေရာက လေပိုင်နက် ပိတ်ဆို့မှုတွေ၊ လေကြောင်းလုပ်ငန်းကို သက်ရောက်စေနိုင်တဲ့ ကမ္ဘာ့စီးပွားရေးအချက်အလက်တွေကို ဆက်လက်စောင့်ကြည့်နေတယ်။
အဆိုပါပြောင်းလဲမှုတွေနဲ့ လေယာဉ်ခရီးစဉ်တွေ လိုက်လျောညီထွေဖြစ်စေဖို့ လေကြောင်းခရီးစဉ်တွေ စီမံခန့်ခွဲဖို့ အသင့်ရှိကြောင်း မစ္စတာ ဆူရချိုင်းက ပြောပါတယ်။
အခုလို လေကြောင်းလိုင်းတွေ ပြန်လည်ရုပ်သိမ်းသွားရတာဟာ အရှေ့အလယ်ပိုင်းဒေသမှာ လုံခြုံမှု မရှိတော့လို့ လေယာဉ်တွေ ပုံမှန်မပျံသန်းနိုင်တော့တာ၊ လေယာဉ်လမ်းကြောင်းတွေကို ပုံမှန်ပျံသန်းလို့မရတော့ဘဲ ကွေ့ရှောင်ပျံသန်းရတာကြောင့် ခရီးစဉ်အချိန်ပိုကြာမြင့်သလို လေယာဉ်ဆီလည်း ပိုကုန်တယ်၊ ရင်းနှီးမြှုပ်နှံမှုစရိတ် ပိုများလာတာတွေကြောင့်ဖြစ်တယ်လို့ ထိုင်းလေယာဉ်မှူးတယောက်က သတင်းထောက်ကို ပြောပါတယ်။
ပြည်ပက ခရီးသည်တွေ အလာနည်းသွားတာဟာ နိုင်ငံတကာလေဆိပ်ရှိ တက္ကစီမောင်းသမားတွေ အပေါ်မှာလည်း ရိုက်ခတ်မှုရှိတယ်လို့ ချန်နယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
တက္ကစီမောင်းသမားတယောက်က သူဟာ မနက် ၅ နာရီကတည်းက သုဝဏ္ဏဘုမိလေဆိပ်မှာ ခရီး သည်သွားစောင့်တာ၊ နေ့ခင်းလောက်မှ ခရီးသည်ရတယ်၊ တနေ့ကို ၃ ခေါက်လောက်ပဲဆွဲရပြီး ဆီဖိုး နုတ်လိုက်ရင် ဘာမှမကျန်တော့ဘူးလို့ ပြောပါတယ်။
နောက် တက္ကစီသမားတယောက်ကလည်း သူဟာ SUV တက္ကစီကို အရစ်ကျနဲ့ ဝယ်ယူထားတာဖြစ်ပြီး အကြွေးက မကြေသေးဘူး၊ အခုခရီးသည်ပါးလာတဲ့အပြင် ဆီကိုလည်း အချိန်အကြာကြီး သွားတန်းစီရတာကြောင့် ဝင်ငွေအကျပ်အတည်းဖြစ်လာတယ်၊ စက်သုံးဆီပြဿနာဟာ ကမ္ဘာ့ပြဿနာဖြစ်တာကို နားလည်ပါတယ်၊ ဒါပေမဲ့ သူတို့လို အခြေခံလူတန်းစားအတွက် လွန်စွာ ခက်ခဲလာတယ်၊ အစိုးရအနေနဲ့ ကူညီဖြေရှင်းပေးစေချင်တယ်လို့ ငိုသံနဲ့ သတင်းထောက်ကို ပြောပါတယ်။
နိုင်ငံတကာလေဆိပ်မှာ ခရီးသည်ရဖို့ တက္ကစီအစီးရေတော်တော်များများ စောင့်ဆိုင်းနေကြပြီး တချို့ကတော့ မစောင့်နိုင်လို့ ရပ်နားထားပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
Source - prachachat.net/ CH3 TV News










