
ရပ်နားထားတဲ့ ပြည်တွင်း ပြည်ပ လေယာဉ် ခရီးစဉ်တွေ ပြန်ပြေးဆွဲမယ်လို့ လေကြောင်းလိုင်းတွေက မတ် ၂၄ ရက် ဒီနေ့မှာ ကြေညာလာပါတယ်။
မနက်ဖြန် မတ် ၂၅ ရက်မှာ စတင်ပြေးဆွဲမယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ထုတ်ပြန်လာကြတာပါ။
လက်မှတ်အရောင်းကုမ္ပဏီတခုက “သတင်းကောင်းပါ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နဲ့ မင်္ဂလာ (Mingalar) လေကြောင်းလိုင်းတို့မှ မြန်မာနိုင်ငံအတွင်း လေယာဉ်ဆီ (Jet A1) ရရှိနိုင်မှု အခြေအနေများ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ပြည်တွင်းခရီးစဉ်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်” လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
လေကြောင်းလိုင်းတွေကတော့ ထုတ်ပြန်လာတာမရှိသေးဘဲ ကိုယ်စားလှယ်တွေကိုပဲ Viber လို့ ချက်ဂရုပ်တွေကနေ ဆက်သွယ်လာတာ ဖြစ်ပါတယ်။
မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines)၊ Mingalar Airlines၊ MAI၊ Air Thanlwin နဲ့ မန်းရတနာပုံ လေကြောင်းလိုင်းတို့ ပြန်ပြေးဆွဲမှာဖြစ်ပြီး မတ် ၂၅ နဲ့ ၂၆ ရက်အတွက်ပဲ ပုံမှန်ပြေးဆွဲမယ်လို့ ကြေညာထားတာကို တွေ့ရပါတယ်။
လေကြောင်းလိုင်းတွေရဲ့ ဝက်ဘ်ဆိုက်မှာတော့ လာမဲ့ ဧပြီလအထိ လေယာဉ်ခရီးစဉ်တွေ ရှိနေတာကိုတွေ့ရပြီး ခုံနေရာတွေ ရွေးချယ်နိုင်တာကိုလည်း တွေ့ရပါတယ်။
ဆီရတဲ့အခြေအနေပေါ်မူတည်ပြီး ပြေးဆွဲမယ်လို့လည်း ဆိုတာကြောင့် ဘယ်လို အပြောင်းအလဲတွေ ရှိဦးမလဲဆိုတာတော့ မသိရသေးပါဘူး။
လေယာဉ်ဆီ အခက်အခဲကြောင့်ဆိုပြီး ပြည်တွင်းလေကြောင်းလိုင်းတွေဟာ မတ် ၂၁ ရက်နေ့ကစလို့ ၂၆ ရက်အထိ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ကြတာဖြစ်ပြီး ပြည်ပခရီးတွေမှာလည်း ပစ္စည်းသယ်ယူနိုင်တဲ့အလေးချိန်ကို လျှော့ချ ကန့်သတ်ခဲ့ကြတာ ဖြစ်ပါတယ်။










