လေယာဥ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းလိုင်း ခရီးစဥ်အချို့ ဖျက်သိမ်းတာတွေ ရှိနေတယ်လို့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီက သိရပါတယ်။
လေယာဥ်ဆီ ရှားပါးမူနဲ့ ဆီစျေးမြင့်တက်လာတာတွေကြောင့် မတ် ၁၉ ရက်ကစပြီး ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ခရီးစဥ်အချို့ ဖျက်သိမ်းနေတာလို့ ဆိုပါတယ်။
လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တယောက်က “မနေ့ကတည်းက ခရီးစဥ် ဖျက်သိမ်းလိုက်တဲ့ ပြဿနာ တနေကုန် ထိုင်ရှင်းနေရတာ။ လက်မှတ်ဝယ်ထားတဲ့ ခရီးသည်တွေက ပြဿနာရှာတာပေါ့” လို့ ပြောပါတယ်။
အဲဒီလို ပြည်တွင်းလေကြောင်းလိုင်း ခရီးစဥ်အချို့ ဖျက်သိမ်းနေတဲ့အတွက် လက် မှတ်ဝယ်ထားသူတွေအနေနဲ့ ဖျက်သိမ်းလိုက်တဲ့ ခရီးစဥ်ထဲ ပါ၊ မပါကို တိုက်ဆိုင်စစ်ဆေးဖို့ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက တိုက်တွန်းထားကြပါတယ်။
အခုလို ခရီးစဥ်အချို့ ဖျက်သိမ်းကာ ပြည်တွင်းခရီးစဥ် ပြေးဆွဲတဲ့အကြိမ် လျှော့ချတာတွေ ရှိနေတာကြောင့် လေယာဥ်လက်မှတ် အသစ်ရောင်းချတာကိုလည်း ရပ်ထားရတယ်လို့ အဲဒီလက်မှတ်ရောင်းနေသူတွေဆီက သိရပါတယ်။
အဲဒီလို ခရီးစဥ်ဖျက်သိမ်းတာတွေအပြင် ပြည်တွင်းလေကြောင်းလိုင်းတွေမှ လေယာဥ်ဆီကုန်တာကို ထိန်းညှိဖို့အတွက် ခရီးသည်တွေရဲ့ သယ်ယူခွင့်ဝန်အလေးချိန်ကို အရေးပေါ် ကန့်သတ်ချက်တွေ လုပ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိ ပြည်တွင်းလေကြောင်းလိုင်းခရီးစဥ် ဖျက်သိမ်းတာတွေ ရှိပေမဲ့ ပြည်ပခရီးစဥ်တွေက ပုံမှန်အတိုင်းရှိနေသေးပြီး အလားတူ အခြေအနေတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတယောက်က ပြောပါတယ်။
“ထွက်ခွာခွင့်တင်ရင် လေယာဥ်လက်မှတ်ပါပြရလို့ လက်မှတ်တော့ အဆင်ပြေဝယ်ပြီးပြီ။ ထွက်ခွင့်ကျမှ ခရီးစဥ်ဖျက်လိုက်မှာကို စိုးရိမ်တာ။”
အရှေ့အလယ်ပိုင်းဒေသမှာဖြစ်နေတဲ့ စစ်ရေးပြဿနာတွေကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ လောင်စာဆီ လိုအပ်ချက်တွေ မြင့်တက်နေပြီး နောက်ဆက်တွဲ ရိုက်ခတ်မူတွေလည်း ရှိလာတာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ စက်သုံးဆီအခက်အခဲကြောင့် အဝေးပြေးကားတွေ ပြေးဆွဲရတာ အဆင်မပြေမှုတွေရှိနေပြီး ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ခရီးစဥ်ဖျက်သိမ်းတာတွေကြောင့် ခရီးသွားလာမှုအပေါ် ဆိုးရွားစွာ ထိခိုက်လာတယ်လို့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။
Photo- MNA










