
ဆော်ဒီအာရေဗျနိုင်ငံကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးနှစ်ခု ဆောင်ရွက်ခဲ့တယ်လို့ ဟူသီအဖွဲ့က စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
စစ်ဆင်ရေးတွေထဲမှာ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုစ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေကိုသုံးပြီး ဆော်ဒီမြို့တော် ရီယာ့ဒ်နဲ့ ပင်လယ်နီ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ယန်ဘူမြို့တို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဟူသီတို့ရဲ့ စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီယာက ရုပ်မြင်သံကြားကတဆင့် ထုတ်ပြန်တဲ့ ကြေညာချက်တရပ်မှာ ပြောပါတယ်။
ယီမင်နိုင်ငံအတွင်း ဆော်ဒီဘက်ကနေဆက်ပြီး လေကြောင်းက တိုက်ခိုက်နေတာတွေနဲ့ ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေ ဆက်စပ်နေတယ်လို့လည်း သူက ပြောပါတယ်။
အဲဒီနေ့က ရိယာ့ဒ်မြို့တော်က အဓိကလေဆိပ်ဖြစ်တဲ့ ဘုရင်ခါလစ် နိုင်ငံတကာလေဆိပ်နားမှာ မီးခိုးလုံးကြီးတခုကို တွေ့ခဲ့ရပါတယ်။
ဒီဖြစ်ရပ်မတိုင်မီ သောကြာညပိုင်းနဲ့ စနေမနက်ပိုင်းက ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး ဆော်ဒီအာရေဗျ အစိုးရက မြို့တော်ပတ်ဝန်းကျင်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်လို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
မီးခိုးလုံးတွေနဲ့ ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်တွေနဲ့ပတ်သက်တဲ့ မေးမြန်းချက်တွေအပေါ် ဆော်ဒီအစိုးရ မီဒီယာဌာနခွဲက ချက်ချင်းတုံ့ပြန်ဖြေကြားတာ မလုပ်ခဲ့ပါဘူး။
ယီမင်နိုင်ငံထဲက ဟူသီအဖွဲ့နဲ့ ဆော်ဒီအာရေဗျတို့အကြား တင်းမာမှုတွေ မကြာသေးမီက မြင့်တက်လာပြီးနောက်ပိုင်း ဆော်ဒီမြို့တော်အတွက် ထုတ်ပြန်တဲ့ ပထမဆုံး သတိပေးချက်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
ယီမင်နိုင်ငံထဲက လူဦးရေအများဆုံးရှိတဲ့ ဒေသတွေနဲ့ မြောက်ပိုင်းဒေသအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ဟာ ဇူလိုင်လအတွင်း ရီယာ့ဒ်မြို့ကို ရေကြောင်းပိတ်ဆို့တယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်ပိုင်း ပင်လယ်နီထဲက ဆော်ဒီသင်္ဘောတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ ဆော်ဒီမြို့ကြီးတွေ၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ သင်္ဘောလုပ်ငန်းတွေကို ပစ်မှတ်ထားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုအတွက် ခြိမ်းခြောက်မှုအသစ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကတဆင့် အသွားအလာတွေ ပိတ်ဆို့ခံထားရချိန်မှာ ပင်လယ်နီ လမ်းကြောင်းကို ပင်မတခြားရွေးချယ်စရာ လမ်းကြောင်းအဖြစ် သုံးနိုင်စွမ်းကလည်း အန္တရာယ်ရှိနေခဲ့ပါတယ်။
စက်တင်ဘာ ၃ ရက်ကစပြီး ဟူသီတွေက ယီမင်နိုင်ငံရဲ့ ပင်လယ်နီကမ်းရိုးတန်းတလျှောက်နဲ့ မဟာဗျူဟာကျတဲ့ ဘာ့ဘ်အယ်လ် မန်ဒက်ဘ် ရေလက်ကြားဝန်းကျင်က နယ်မြေတွေကို သိမ်းပိုက်ခဲ့သလို ဆော်ဒီစစ်ဘက်ဆိုင်ရာနဲ့ ရေနံလုပ်ငန်းဆိုင်ရာ အဆောက်အအုံတွေအပေါ် ဒုံးကျည်နဲ့ ဒရုန်းတွေသုံးပြီး တိုးမြှင့်တိုက်ခိုက်ခဲ့ပါတယ်။
ဟူသီတွေကလည်း ဆော်ဒီစစ်လေယာဉ်တွေဟာ ယီမင်နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်တာတွေကို တိုးမြှင့် လုပ်ဆောင်လာတယ်လို့ ပြောပါတယ်။











