
အနောက်ဘက်ကမ်းဒေသ ဟီဘရွန်မြို့အနားမှာ ပစ်ခတ်တိုက်ခိုက်မှုတခု ဖြစ်ပြီးတဲ့နောက် အစ္စရေးခေါင်းဆောင်တွေက ဒေသခံတွေကို ရွှေ့ပြောင်းပြီး ဖြိုဖျက်မယ်လို့ ကတိပြုခဲ့ပါတယ်။
အဲဒီနောက် နာရီပိုင်းအကြာမှာ အစ္စရေးတပ်ဖွဲ့တွေဟာ အနောက်ဘက်ကမ်းက ဟီဘရွန်မြို့နဲ့ ဂျနင်းမြို့တွေမှာ စစ်ရေးစစ်ဆင်ရေးတခု သောကြာနေ့ ညမှာ စတင်ခဲ့ပါတယ်။
သောကြာညမှာ အစ္စရေးတပ်ဖွဲ့တွေဟာ စီးပွားရေးအဆောက်အအုံတွေနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံတွေအပါအဝင် အနောက်ဟီဘရွန်မှာရှိတဲ့ ပါလက်စတိုင်းပိုင် အဆောက်အအုံ အများအပြားကို ဖြိုဖျက်ခဲ့ပြီး ပါလက်စတိုင်းမိသားစုအများအပြားကို သူတို့ရဲ့နေအိမ်တွေကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့တယ်လို့ ပါလက်စတိုင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ အဲဒီညနေမှာပဲ ဂျနင်းမြို့ နားက ပါလက်စတိုင်းလူနေအိမ်ရာ တခုကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ပါလက်စတိုင်းမိသားစုအများအပြားကို တပတ်အတွင်း သူတို့ရဲ့ နေအိမ်တွေကနေ ထွက်ခွာဖို့ နှုတ်အားဖြင့် အသိပေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ထပ်ပြောခဲ့ပါတယ်။
စစ်ဆင်ရေးကို ရက်နည်းနည်း ဆက်လုပ်ဖို့ မျှော်လင့်ရပြီး တိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့ ပါလက်စတိုင်းသေနတ်သမား ၂ ယောက် ရောက်လာခဲ့တဲ့ ဟီဘရွန်ဒေသကို ပစ်မှတ်ထားတယ်လို့ အစ္စရေးစစ်တပ်နဲ့ ရှင်းဘတ် ပြည်တွင်းလုံခြုံရေးအေဂျင်စီတို့က ပူးတွဲကြေညာချက် ထုတ်ပြန် ပြောပါတယ်။
စစ်ဆင်ရေးက အကြမ်းဖက်အဆောက်အအုံတွေကို ရှာဖွေဖော်ထုတ်ခြင်း၊ လက်နက်တွေ သိမ်းဆည်းခြင်းနဲ့ သံသယရှိသူတွေကို စစ်ဆေးမေးမြန်းခြင်းတို့ လုပ်ဖို့ ရည်ရွယ်တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။











