DVB Logo
Home
မြန်မာသတင်း

ဖလူးဒေသစစ်ဆင်ရေးတွင် မပါဝင်ရန် DKBA က တပ်ဖွဲ့ဝင်များကို သတိပေး 

DVB
·
November 22, 2026
 Photo: DKBA
Photo: DKBA
Donate to DVB

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)လက်အောက်ခံ တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးဒေသစစ်ဆင်ရေးတွေမှာ ပါဝင်ပတ်သက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူခံရမယ်လို့ DKBA က သတိပေး ကြေညာလိုက်ပါတယ်။

ဖလူးဒေသမှာ လက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေမှာ ပါဝင်ပတ်သက်မှု မရှိစေဖို့နဲ့ ခိုင်လုံတဲ့ မြေပြင်အချက်အလက် သက်သေအထောက်အထားတွေ့ရှိရင် ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူ ဆောင်ရွက်သွားမဲ့အပြင် တပ်ဖွဲ့ဝင်အဖြစ်မှ အပြီးတိုင် ထုတ်ပယ်သွားမယ်လို့ နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်လိုက်တာပါ။

DKBA တပ်မှူးတယောက်က “ဖလူးဒေသမှာ စစ်တပ်နဲ့ KNU၊ PDF ပူးတွဲတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ ကျနော်တို့ DKBA တပ်တွေချထားတာနဲ့လည်း နီးကပ်နေတာကြောင့် ကျနော်တို့နဲ့ မပတ်သက်ကြောင်း ရှင်းလင်းစေချင်လို့ ဒီကြေညာချက် ထုတ်ရတာပါ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၁ ရက်ကလည်း DKBA အရာရှိ ၂ ယောက်  တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းခဲ့လို့ တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခံရပါတယ်။

ထုတ်ပယ်ခံရသူတွေကတော့ မြဝတီမြို့နယ်၊ ကျောက်ခက်အခြေစိုက် DKBA အမှတ် (၁) စစ်ဒေသလက်အောက်ခံ ၉၁၅ တပ်ရင်းမှ ဗိုလ်မှူးအဆင့် စောထို့လွီ နဲ့ ဗိုလ်ကြီးအဆင့်ရှိ စောကရင်လေး တို့ ဖြစ်ပါတယ်။

NCA လမ်းကြောင်းကနေ သွေဖယ်သူတွေကို တပ်ဖွဲ့ဝင်အဖြစ်က ထုတ်ပယ်မှာလို့ DKBA ပြောခွင့်ရ ဗိုလ်မှူးကြီး စောဖားဘလက်က သတင်းဌာနတွေကို အရင်က ပြောထားခဲ့ဖူးပါတယ်။

DKBA အဖွဲ့ဟာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဖလူးဒေသမှာ လက်ရှိ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ  DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က စစ်အာဏာရှင်တပ်ဘက်ကနေ ပါဝင်တိုက်ခိုက်ပေးနေပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013