
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို တိမ်းရှောင်လိုတဲ့ လူငယ်တွေဟာ ကရင် နယ်ခြားစောင့်တပ် (BGF)နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထဲကို ဝင်ရောက်သွားသူတွေ အများအပြားရှိနေပါတယ်။
ဒါကြောင့် ဘားအံမြို့မှာ ပြည်သူ့စစ်မှုထမ်းခိုင်းဖို့ ရပ်ကွက်ခွဲတမ်းအလိုက်စုဆောင်းရာမှာ လူငယ်တွေရှားပါးလာတဲ့အတွက် လူငှားရှာဖွေပြီး စုဆောင်းနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့မိမြို့ဖတယောက်က “စစ်မှုထမ်းဖို့ ရပ်ကွက်တွေမှာ မရှိတော့ဘူးလေ။ ရပ်ကွက်တွေမှာ မရှိတော့ အဖွဲ့အစည်းထဲတွေမှာ အကုန်လုံးရောက်ကုန်တယ်။ ရောက်ကုန်တော့ ရပ်ကွက်လည်း ဒုက္ခရောက်တာပေါ့။ ခွဲတမ်းအရလေ။ ကျနော်တို့တောင် ၁ လ ကျပ် ၁၀,၀၀၀ ထည့်နေရတယ်။ ဒါပေမဲ့ အခုဖြစ်နေတာက ရပ်ကွက်အလိုက်ပေးရမဲ့ ခွဲတမ်းတွေက လူတွေက မရှိတော့ဘူးလေ။ အဲဒီလိုဖြစ်နေတယ်။ (BGF DKBA ထဲဝင်ရောက်သူ) တော်တော်လေးကိုရှိတယ်။ ဝင်သွားတာတွေ။ (စစ်မှုထမ်းဖို့)သူက နဂိုကတည်းက မိသားစုတွေ ဒုက္ခပေးတတ်တယ်လေ။ ကုလားမနိုင် ရခိုင်မဲတာပေါ့။ အဲဒါလေး တခုတော့ ရှိတာပေါ့။ (မိသားစုတွေက အဖွဲ့စည်းတွေထဲ ဝင်ရောက်သွားတာတွေကို ပြန်ခေါ်တာ) ပြောလို့တော့ မရဘူး။ ခပ်ရိုင်းရိုင်းပြောရင် သူယုတ်မာ လာရင် ဖြစ်သွားနိုင်တယ်။ ယုံမှ မယုံရဘဲ”လို့ ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တွေ အခြေစိုက်လှုပ်ရှားနေပါတယ်။
ဒါပေမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို တိမ်းရှောင်လိုတဲ့ လူငယ်အများစုဟာ BGF တပ်ဖွဲ့နဲ့ DKBA တပ်ဖွဲ့ထဲကို ဝင်ရောက်သူအများအပြားရှိခဲ့ပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “DKBA နဲ့ BGF ထဲကို တပ်သားသစ်အနေနဲ့ ဝင်သွားတာကတော့ အကြောင်းအရာ အများကြီးမရှိပါဘူး။ တဖက်ကို သူတို့မကြိုက်လို့ မနှစ်သက်လို့ဆိုတဲ့ လမ်းကြောင်းတခုရှိသလို သေမထူးနေမထူးကွာ သွားချင်သွားရင် ငါတို့ ကရင်အဖွဲ့အစည်းထဲသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်တခု။ အဲလိုနည်းလမ်းတွေနဲ့ပဲ သွားတယ်။ ပြီးတော့ DKBA နဲ့ BGF ထဲသွားတဲ့ လူငယ်အများစုက ရှင်းရှင်းပြောရရင် သူတို့ပတ်သက်ရာ ပတ်သက်ကြောင်း သူငယ်ချင်းတွေ၊ မိဘတွေ ဆွေမျိုးတွေ အဲလိုနီးစပ်တဲ့ အဝိုင်းအဝန်းတွေကြောင့်လည်း သွားဖြစ်သွားတာရှိတယ်”လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြည်သူစစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသက်သွင်းပြီးနောက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်အမျိုးသားတွေကို စစ်မှုထမ်းတပ်သားသစ်အဖြစ် စတင်စုဆောင်းခဲ့ပါတယ်။
လက်ရှိမှာ အမျိုးသားစစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၇ အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။











