DVB Logo
Home
မြန်မာသတင်း
ရေကြည်တွင် ရခိုင်စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံရ
DVB
·
October 22, 2026
Photo: KKL
Photo: KKL
Donate to DVB

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် လူငယ်တယောက် အပါအဝင် လူငယ် ၄ ယောက်ကို စစ်အာဏာရှင်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါ်တာဆွဲခံရတဲ့ လူငယ်တွေဟာ ရေကြည်မြို့နယ်ထဲက ကက္ကူကြီးနဲ့ ရွာသစ်ကြီးကျေးရွာတွေက ဒေသခံလူငယ် ၃ ယောက်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ စစ်ဘေးရှောင်လာပြီး ကက္ကူကြီး ကျေးရွာမှာ ရောက်ရှိနေတဲ့ လူငယ်တယောက်တို့ ဖြစ်ပါတယ်။

သူတို့ကို အောက်တိုဘာ ၂၁ ရက် ည ၈ နာရီခန့်မှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ အပါအဝင် အင်အား ၁၅ ယောက်အဖွဲ့က ရွာထဲဝင်လာပြီး အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အသက် ၁၈ နှစ်အရွယ် ရခိုင်စစ်ဘေးရှောင်လူငယ်နဲ့ နောက်ထပ်လူငယ် ၃ ယောက်ပါ။ အားလုံး ၄ ယောက် ပေါ်တာဆွဲခံရတာ။ ဟုတ်တယ်၊ စစ်တပ်နဲ့ အရပ်ဝတ်နဲ့လူတွေ ပေါ်တာဆွဲသွားတာ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ် ၄ ယောက်ဟာ အသက် ၃၀ ကျော်အရွယ် ကိုလင်းခိုင်နဲ့ ကိုအေးလွင်၊ အသက် ၂၄ နှစ်ကျော်အရွယ် ကိုကျော်မင်းနဲ့ အသက် ၁၈ နှစ်အရွယ် ရခိုင်စစ်ဘေးရှောင် ကိုမင်းထက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “ရွာထဲကနေ ဖမ်းခေါ်သွားတာ။ အဆက်အသွယ် မရသေးဘူး။ ဘယ်ကိုခေါ်သွားလဲ ဆိုတာလည်း မသိဘူး။ လိုက်စုံစမ်းနေကြတယ်” လို့ ပြောပါတယ်။

အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းအထိ အဆက်အသွယ် မရသေးဘဲ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၆ ရက်ကလည်း စစ်အာဏာရှင်တပ်က ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှာ PDF တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013