အီရန်နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ ရန်သူ့ခြိမ်းခြောက်မှုတွေလို့ သူတို့သတ်မှတ်ထားတဲ့ အရာတွေကို တုံ့ပြန်ဖို့ လက်နက်စနစ်သစ်တွေကို တိုးချဲ့တာ၊ စမ်းသပ်တာတွေ ဆက်လုပ်နေတယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
IRGC ပြောရေးဆိုခွင့်ရှိသူ ဟိုစိန်မိုဟက်ဘီက အသစ်တီထွင်ထားတဲ့ လက်နက်တွေရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောပေမဲ့ ခေတ်မီလက်နက်တွေ ထုတ်လုပ်၊ စမ်းသပ်ခြင်းတို့က တဆင့် အီရန်ဟာ စစ်ရေးစွမ်းရည်ကို အဆက်မပြတ် မြှင့်တင်နေတယ်လို့ ပြောပါတယ်။
အနာဂတ်မှာ ဒီကိစ္စရပ်အပေါ် ပိုအာရုံစိုက်လာရင် အီရန်အနေနဲ့ လက်နက်စနစ်အပိုတွေကို ဖြန့်ကြက်ချထားမှာဖြစ်ပြီး နောက်ထပ်စွမ်းရည်တွေကို လက်တွေ့သုံးနိုင်မဲ့ အခြေအနေကို ရောက်လာနိုင်တယ်လို့လည်း မိုဟက်ဘီက ထပ်ပြောပါတယ်။
အမေရိကန်အနေနဲ့ အီရန်အပေါ် စစ်ရေးအရ ထိုးစစ်ဆင်မှုအသစ်တခု လုပ်လာရင် အီရန်က လက်နက်သစ်တွေကို သုံးသွားမှာဖြစ်ပြီး အရင်က တိုက်ခိုက်မခံရဘူးတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ မိုဟက်ဘီက စက်တင်ဘာ ၂၁ ရက် အစောပိုင်းမှာ ပြောခဲ့တယ်လို့ Fars သတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters











