DVB Logo
Home
မြန်မာသတင်း
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့် သပိတ်အဖွဲ့ဝင် ၉ ဦး ထောင်တွင်းနှိပ်စက်ခံရမည်ကို စိုးရိမ်
ဝေဝေ
·
July 30, 2026
Photo: AFCC (MDY)
Photo: AFCC (MDY)
Donate to DVB

အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့လို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ မန္တလေးသပိတ် ရဲဘော် ၉ ယောက်ကို စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်တွင်းမှာ အငြိုးနဲ့ ဖိနှိပ်တာတွေ ပြုလုပ်မှာကို  စိုးရိမ်တယ်လို့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက  ပြောပါတယ်။

အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ- AFCC (မန္တလေး) ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုထက်မြက်အောင်၊ မချီချီ၊ ကိုကျော်ဝဏ္ဏ၊ မစုစုသွယ်၊ ကိုငယ်လေး၊ ကိုအောင်ကိုဝင်း၊ ကိုဝေလွင်ဦး၊ ကိုသန့်ဇင်၊ ကိုကျော်အောင် တို့ ၉ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလထဲက စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် တလကျော်ကြာ အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေခဲ့ကာ နောက်ဆုံးမှာတော့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃(ခ) နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) တို့နဲ့ ၈ ယောက်ကို ထောင်ဒဏ် ၃၇ နှစ်စီနဲ့ တယောက်ကိုတော့ ၂၇ နှစ် ချမှတ်ခဲ့ပါတယ်။

သူတို့ ၉ ယောက်ကို စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်ထဲမှာ အငြိုးထား ဖိနှိပ်တာတွေ ပြုလုပ်လာမှာကို စိုးရိမ်ကြောင်း AFCC အတွင်းရေးမှူးအဖွဲ့က ပြောပါတယ်။

AFCC အတွင်းရေးမှူးအဖွဲ့ဝင် စတန်က “ထောင်ထဲရောက်သွားတဲ့အချိန်မှာတော့ ရဲဘော်တွေအားလုံးကိုပဲ ခြုံငုံပြီးတော့ ပြောရမယ်ဆိုရင်တော့ သူတို့အနေနဲ့ မိသားစုနဲ့ ပုံမှန် တွေ့ခွင့်ရတာမျိုး မရှိဘူး။ ထောင်ဝင်စာကလည်း ပုံမှန် ပို့ပေးလို့ရတာမျိုး မရှိဘူး။ အခက်အခဲတွေလည်း အများကြီးရှိတယ်။ အထူးသဖြင့် စစ်တပ် မျှော်လင့်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်တယ်ဆိုပြီးတော့ ဒီလူငယ်တွေကို ငြိုးမှာ မဲမှာမျိုးတွေကို ကျနော်တို့ စိုးရိမ်ရတာမျိုးတွေ ရှိပါတယ်ဗျ။ လက်နက်ကိုင်ထားတာလည်း မဟုတ်ဘူး။ ငြိမ်းချမ်းစွာ သူတို့ဆန္ဒကို ထုတ်ဖော်တာဖြစ်တယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုတောင်မှ အာမ မခံနိုင်ဘဲနဲ့ လူငယ်တွေကို အငြိုးတကြီး မတရား ထောင်ဒဏ်ချတာတွေ အမိန့်ချတာတွေ လုပ်နေတဲ့ စစ်အုပ်စု အသွင်ပြောင်းထားတဲ့ အစိုးရက တကယ်ရော ငြိမ်းချမ်းရေးကို ဘယ်လို ဖော်ဆောင်မလဲ ဆိုတဲ့ဟာတွေကိုလည်း ကျနော်တို့ စဉ်းစားမိတယ်ပေါ့” လို့ ပြောပါတယ်။

ရဲဘော် ၉ ယောက် အမှုမှာ ဖမ်းဆီးစစ်ဆေးတဲ့ လုပ်ငန်းစဉ်ကနေ တရားစီရင်တဲ့အဆင့်အထိ မျှတတဲ့ တရားခွင်စံနှုန်းတွေကို မလိုက်နာတာတွေ၊ စစ်ကြောရေးက ရယူထားတဲ့ ထွက်ဆိုချက်တွေကို တရားခွင်မှာ အသုံးပြုတာတွေနဲ့ ဖြစ်စဉ်တခုတည်းအပေါ် ရဲစခန်း ၃ ခုကနေ အမှု ၃ ခုဖွင့်ပြီး ပြစ်ဒဏ်ချမှတ်တာတွေဟာ မျှတတဲ့ တရားခွင်ရပိုင်ခွင့် (Fair Trial Rights) ကို ချိုးဖောက်တဲ့ အခြေအနေတွေလို့ AFCC အတွင်းရေးမှူးအဖွဲ့က မှတ်ချက်ပြုပါတယ်။

အခုလို စစ်အာဏာရှင်ရဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ လူထုရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖိနှိပ်တဲ့လုပ်ရပ်ဖြစ်ကြောင်း လူထုသပိတ်ဦးဆောင်သူ ကိုနန်းလင်း ကလည်း မှတ်ချက်ပြုပါတယ်။

“ဒီလုပ်ရပ်နဲ့ ပတ်သက်ရင်တော့ ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ ကိုထက်မြက်အောင် အပါအဝင်နော်  ရဲဘော် ၉ ဦးမှာ ၈ ဦးက ၃၇ နှစ် ချမှတ်ခံရတယ်။ တဦးကတော့ ၂၇ နှစ် ကျတယ်။ ပြောရမယ်ဆိုရင် စွဲတဲ့ ပုဒ်မတွေကလည်း ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲ ကာကွယ်တားဆီးရေး ပုဒ်မရယ်၊ နောက်ပြီးတော့ အကြမ်းဖက်မှုပေါ့နော်။ ဒီနှစ်ခုနဲ့ ရဲစခန်းတခုတည်းကတောင် မဟုတ်ဘဲ ရဲစခန်း သုံး လေး ငါးခုက ဝိုင်းစွဲပြီးတော့ ဒီလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တဲ့ကိစ္စက အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာတဲ့ လုပ်ရပ်၊ ရိုင်းစိုင်းတဲ့ လုပ်ရပ်တခုလို့တော့ ကျနော် ဒီလိုပဲ မှတ်ချက်ပေးချင်တယ်။ တကယ်ကို လေးလေးနက်နက် တောင်းဆိုနေတဲ့ကြား၊ ပြောနေတဲ့ကြားကနေ နောက်ထပ် နောက်ထပ်သော နိုင်ငံရေး အကျဉ်းသားတွေ၊ လူငယ်တွေကို ဖမ်းဆီးပြီးတော့ မတရားတဲ့ ပုဒ်မတွေ၊ ပုဒ်မပေါင်းစုံနဲ့ လူထုရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ဖိနှိပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့တော့ ကျနော်တို့ ပြောလို့ရတယ်။”

AFCC (မန္တလေး) ကတော့ အဖွဲ့ဝင် ၉ ယောက် အမှုက လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်ရေးစနစ်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုထားပြီး နောက်ထပ် အမှုသစ်တွေနဲ့ ဆက်လက်တရားစွဲခံရနိုင်တဲ့ အခြေအနေအပေါ် စိုးရိမ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013