
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်က ရွာတရွာကို လက်နက်ကိုင်တွေက ဇူလိုင် ၂၇ ရက် အစောပိုင်းမှာ တိုက်ခိုက်ခဲ့လို့ လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံ ၂ ယောက်က ပြောပါတယ်။
ရွာသူကြီးရဲ့ အတွင်းရေးမှူး ဒိုဂွန် ရာနာက သေနတ်သမားတွေက ရပ်ရွာထဲကို ပစ်ခတ်တိုက်ခိုက်ပြီး အိမ်တွေကို မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ၈ ယောက် ပါဝင်ပြီး တခြား ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
“ကျမတို့ရွာကို ရောက်လာပြီး ကျမတို့ရဲ့လူတွေကို သတ်ခဲ့တာ ဖူလာနီလူမျိုးတွေပါ။ သူတို့က လူ ၃၀ ကို သတ်ခဲ့ပြီး ကျမတို့ထဲက ၅ ဦးကို ဆေးရုံတင်ထားရပါတယ်” လို့ တိုက်ခိုက်မှုအတွင်း အကြိမ်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရတဲ့ အမျိုးသမီးက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။ သူဟာ ခုတော့ ဆေးရုံမှာ အသက်လုရင်း ဆေးကုသခံနေရပါတယ်။
လက်နက်ကိုင်ဂိုဏ်းတွေနဲ့ တခြားရာဇဝတ်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုဟာ နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းနဲ့ မြောက်အလယ်ပိုင်းဒေသတွေမှာ အဓိကလုံခြုံရေးစိန်ခေါ်မှုတခု ဖြစ်လာခဲ့ပြီး ရပ်ရွာတွေကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိပါတယ်။
အရှေ့မြောက်ပိုင်းကတော့ အစ္စလာမ္မစ် စစ်သွေးကြွတွေဖြစ်တဲ့ ဘိုကိုဟာရမ်နဲ့ ခွဲထွက်အဖွဲ့ ISWAP တို့ရဲ့ ပြင်းထန်တဲ့ ပုန်ကန်မှုကို ရင်ဆိုင်နေရပါတယ်။
ကာဒူနာပြည်နယ်မှာ တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ယူမထားပါဘူး။
နောက်ထပ်ဒေသခံတယောက်ဖြစ်သူ လူငယ်ခေါင်းဆောင် အစ်ရှာယာ ဒါဝါက တိုက်ခိုက်သူတွေဟာ ကောင်ရူး ဒေသန္တရအစိုးရ ဧရိယာမှာရှိတဲ့ နာရိဒွန်ရွာကို သန်းခေါင်ယံအချိန်မှာ ဝင်စီးနင်းပြီး ဒေသခံတွေကို ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒေသခံတချို့ သတ်ဖြတ်ခံခဲ့ရပြီး အလောင်းတွေ အများအပြားကို ရင်ခွဲရုံဆီ ပို့ခဲ့တယ်လို့ သူက ထပ်ပြောပါတယ်။ တိုက်ခိုက်သူတွေက ထွက်မပြေးမီ အိမ်တွေကို မီးရှို့ခဲ့ကြတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်အပြီး နာရီပိုင်းအကြာ မနက်ပိုင်းမှာ လုံခြုံရေးဝန်ထမ်းတွေ ရွာဆီ ရောက်လာခဲ့တယ်လို့ ဒါဝါက ပြောပါတယ်။
အမိန့်ပေးအဖွဲ့က မကြာမီ အသေးစိတ်အချက်အလက်တွေကို ပေးမယ်လို့ ခါဒူနာ ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မန်ဆော် ဟတ်ဆန်က ပြောပါတယ်။
Source: Reuters










