
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်မှာ သွားဆရာဝန်လင်မယားကို အမျိုးသားတယောက်က ဆေးခန်းအတွင်း ဝင်ရောက်ပြီး ဓားနဲ့ထိုးခဲ့တာကြောင့် သေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာ တနှစ်ကျော် ကြာလာပေမဲ့ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက် ညနေ ၄ နာရီလောက်က ဟင်္သာတမြို့ ပါဆယ်လမ်းမှာရှိတဲ့ သွားဆရာဝန်ရဲ့ နေအိမ်နဲ့ တွဲဖွင့်ထားတဲ့ ဆေးခန်းမှာ ဖြစ်ပွားခဲ့တာပါ။
မျက်နှာကို Mask တပ်ထားပြီး အဖြူရောင် PCX ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတယောက်ဟာ သွားပြချင်တယ်လို့ ပြောဆိုပြီး ဆေးခန်းအတွင်း ဝင်လာကာ ဆရာဝန်နဲ့ ဇနီးဖြစ်သူကို ဓားနဲ့ထိုးခဲ့တာ ဖြစ်ပါတယ်။
မြို့ခံတယောက်က “ဆရာဝန်လင်မယား ၂ ယောက် အသတ်ခံခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ရဲတွေဘက်က အမှုမှန်ပေါ်ပေါက်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပေမဲ့ ဒီနေ့အထိတော့ ထူးခြားမှုမရှိသေးဘူး” လို့ ပြောပါတယ်။
ဓားနဲ့ထိုးခံရမှုကြောင့် ဆရာဝန်ရဲ့ ဇနီးဖြစ်သူဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး ဆရာဝန်ဖြစ်သူကတော့ ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ဆေးခန်းအကူဝန်ထမ်းလူငယ်ကို ဟင်္သာတဆေးရုံကြီးမှာ ဆေးကုသမှုပေးခဲ့ရပြီး အဘွားအရွယ် အမျိုးသမီးတယောက်ကတော့ ဒဏ်ရာမပြင်းထန်ခဲ့ဘူးလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ရဲတွေကိုတော့ အားကိုးလို့မရဘူး။ ပြည်သူတွေက တရားခံကို ဝိုင်းဖမ်းပြီး ရဲလက်အပ်ရတာမျိုးပဲ ရှိတယ်။ ရဲတွေကလည်း သူတို့အတွက် ငွေရပေါက်ရှိမဲ့ ကိစ္စတွေကိုပဲ လုပ်နေကြတယ်” လို့ ပြောပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ စစ်အာဏာရှင်လက်အောက်ခံ ဟင်္သာတခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ မလှမ်းမကမ်းမှာရှိပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ပေမဲ့ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ကျူးလွန်သူဟာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး မျက်နှာကို Mask တပ်ဆင်ထားကာ အဖြူရောင် PCX ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး တနှစ်ကျော်ကြာလာတဲ့အထိ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးတာကြောင့် ဒေသခံတွေကြားမှာ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအခြေအနေတွေအပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။











