ထိုင်းနိုင်ငံက စာသင်ကျောင်းမှာ လူ ၈ ယောက်ထက်မနည်း သေဆုံးတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်း သီတင်း ၂ ပတ် အတွင်း ထိုင်းကျောင်းတွေမှာ သေနတ်သမားတွေရဲ့ ဘေးရန်ကနေ ကာကွယ်နိုင်ဖို့ လေ့ကျင့်ခန်းတွေကို သြဂုတ် ၁၉ ရက်မှာ တိုးမြှင့် လုပ်ဆောင်နေပါတယ်။
“ပြေး-ပုန်း-ရန်” လေ့ကျင့်ခန်းကို ဘန်ကောက်က အလယ်တန်းကျောင်းတကျောင်းမှာ ကျောင်းသားတွေအတွက် ရှင်းလင်းပွဲနဲ့ စတင်ခဲ့ပြီး အာဏာပိုင်တွေက ကျောင်းသားတွေ ဘေးကင်းစေရေး အစီအမံတွေကို အားကောင်းစေဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။
လေ့ကျင့်ရာမှာ အဆောက်အအုံအတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုပုံစံနဲ့ အရာရှိ တယောက်က အနက်ရောင် ဝတ်ဆင်ထားပြီး တိုက်ခိုက်ရေးရိုင်ဖယ်နဲ့ လက်ကိုင်သေနတ်ကိုင်ပြီး သေနတ်သမားအဖြစ် သရုပ်ဆောင်ထားပါတယ်။
ကျောင်းတွေအနေနဲ့ လုံခြုံရေးအစီအစဉ်တွေ ရေးဆွဲဖို့၊ အရေးပေါ်တုံ့ပြန်မှု လုပ်ထုံးလုပ်နည်းတွေကို လေ့ကျင့်ဖို့ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို ပညာရေးဝန်ကြီး ပရာဆာ့တ် ဂျန်တာရာ ရူအန်ထောင်က သြဂုတ်လ ၁၀ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
လေ့ကျင့်ခန်းကို ဦးဆောင်သူဖြစ်တဲ့ ပေါက်ကွဲစေတတ်တဲ့ စွန့်ပစ်ပစ္စည်း (EOD) ဌာနခွဲ၊ ကင်းလှည့်နဲ့ အထူးစစ်ဆင်ရေးဌာနခွဲရဲ့ ကြီးကြပ်ရေးမှူး ဝီစိစက်ခ်ဝစ်ပတ်ထနာ မွန်ကိုးလ်က “ဒီလေ့ကျင့်ခန်းတွေက ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို လိုက်နာထားတာပါ။ တခုခု ဖြစ်လာရင် ပထမဆုံးအရာက စိတ်အေးအေးထားပြီး ကြည်လင်တဲ့စိတ်နဲ့ တုံ့ပြန်ဖို့ပါပဲ”လို့ ပြောပါတယ်။
ကျောင်းတွေက ပိုကျယ်ပြန့်တဲ့ ဘေးကင်းရေးအစီအမံတွေရဲ့ တစိတ်တပိုင်းအနေနဲ့ သတ္တုရှာဖွေကိရိယာတွေကို သုံးတာ၊ အိတ်တွေကိုရှာတာ အပါအဝင် နေ့စဉ်လုံခြုံရေး စစ်ဆေးမှုတွေကို တိုးမြှင့် လုပ်ဆောင်နေပါတယ်။
ဆူရာဆက်ခ် မွန်ထရီကျောင်းရဲ့ ဒါရိုက်တာ အိုနစ်ချာကိုချာနာက ဒီသင်တန်းဟာ ကျောင်းသားတွေ အရေးပေါ်အခြေအနေတခု ပေါ်လာရင် တုံ့ပြန်နိုင်ဖို့ အသိပညာပေးထားတယ်လို့ ပြောပါတယ်။











