
အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့လယ်ရှိ တိုက်ခန်းတွဲတခုမှာ စက်တင်ဘာ ၂ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားလို့ သံသယရှိသူ အပါအဝင် လူ ၃ ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သေနတ်သမားပါ သေဆုံးသွားခဲ့ပေမဲ့ ဘယ်လိုပုံစံနဲ့ သေဆုံးခဲ့လဲ ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာတင် တယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ကို ဟန်နပင် ခရိုင်ဆေးရုံကြီးကို တင်ပို့ခဲ့ပေမဲ့ အဲဒီထဲက တယောက် ဆေးရုံမှာ ထပ်မံသေဆုံးသွားတာပါ။
ဒီပစ်ခတ်မှုမှာ ရဲအရာရှိ ၂ ယောက် အပါအဝင် အနည်းဆုံး ၆ ယောက် သေနတ်မှန်ခဲ့တာဖြစ်ပြီး ရဲအရာရှိတွေဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေကြားကနေ နေထိုင်သူတွေကို ကူညီဖို့ တိုက်ခန်းတခန်းချင်းစီကို လျှင်မြန်စွာ ဝင်ရောက်ဆောင်ရွက်ခဲ့ကြပါတယ်။
အခင်းဖြစ်ပွားရာနေရာကို မင်နီယာပိုလစ် ရဲတပ်ဖွဲ့နဲ့ တခြား ဥပဒေစိုးမိုးရေး အေဂျင်စီတွေ ရောက်ရှိ စုံစမ်းနေကြပြီး ၁၂ လမ်းကနေ ဖရန်ကလင်း၊ ဟန်နပင် ကနေ ၃ လမ်း တောင်ဘက်အထိ ဧရိယာကို ရှောင်ရှားကြဖို့ မြို့တော်ရဲ့ တရားဝင် X အကောင့်ကနေ ပို့စ်တင်ထားပါတယ်။
မြို့တော်ဝန် ဂျက်ကော့ဘ် ဖရေးကတော့ ဒီတိုက်ခိုက်မှုကို “အဓိပ္ပာယ်မရှိတဲ့ ရက်စက်မှု” လို့ ခေါ်ဆိုလိုက်ပြီး ရဲအရာရှိတွေရဲ့ ရဲရင့်တဲ့ တုံ့ပြန်ဆောင်ရွက်မှုကို ချီးကျူးထားပါတယ်။
Source: Reuters











