DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင် ဒုက္ခသည်စခန်းနေ ကလေး ၁၃ ဦး ထိုင်းကျောင်းမှ ထုတ်ပယ်ခံရ
DVB
·
August 19, 2026
Photo: Transborder News
Photo: Transborder News
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မယ်လမတ်မြို့နယ်ရှိ အစိုးရစာသင်ကျောင်းမှာ မယ်လ ဒုက္ခသည်စခန်းကနေ ကျောင်းလာတက်တဲ့ ကလေး ၁၃ ယောက်ဟာ ဥပ‌ဒေနဲ့ မညီညွတ်လို့ဆိုပြီး ကျောင်းထုတ် ခံခဲ့ရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းကနေ မယ်လမတ်မြို့နယ်၊ ဘန့်ခနေးကျို့  အထက်တန်းကျောင်းမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူတယောက်ကို အဆိုပါကျောင်းမှာ ဆက်လက်တက်ရောက်ခွင့်မရှိတော့ကြောင်း ဒေသ - ၂ အခြေခံပညာရေးရုံးက  ဩဂုတ် ၁၅ ရက်က အကြောင်းကြားခဲ့တယ်လို့ Transborder News မှာ ဖော်ပြပါတယ်။ 

ဒုက္ခသည်စခန်းမှာမွေးဖွားပြီး ဂဏန်း ၁၃ လုံးပါ မှတ်ပုံတင်နံပါတ်ရှိ ကလေးတွေအနေနဲ့  ဥပဒေအရ စခန်းပြင်ပမှာ ဆက်လက်ပညာသင်ကြားခွင့်မရှိတာကြောင့် သူ့အနေနဲ့ ကျောင်းဆက်တက်ခွင့်မရတာ ဖြစ်တယ်။ ဒုက္ခသည်စခန်းက ကလေးတွေ ထိုင်းကျောင်းတက်ခွင့် ပိတ်ပင်ခံရတာ ဒီမိန်းကလေးနဲ့ဆို ၁၃ ယောက် ရှိသွားပြီလို့ ဆိုပါတယ်။ 

မိန်းကလေးဟာ မယ်လမတ်မြို့ ဘန့်ပါလိုက်ကျောင်းမှာ မူကြိုကနေ အလယ်တန်းဆင့် အောင်မြင်ပြီး ဘန့်ခနေးကျို့ကျောင်းမှာ အထက်တန်းဆင့် ဆက်သင်ဖို့ ပြောင်းလာခဲ့တယ်၊ ကျောင်းတက်တာ ၂ လ ကျော် ၃ လ ခန့်သာရှိသေးချိန် ကျောင်းထုတ်ခံရတာ ဖြစ်ပါတယ်။ 

ကျောင်းထုတ်ခံရသူ မိန်းကလေးက “ကျောင်းမသွားရလို့ အရမ်းဝမ်းနည်းတယ်၊ သူငယ်ချင်းတွေကိုလည်း လွမ်းတယ်၊ ဘယ်တော့မှ သူငယ်ချင်းတွေနဲ့ပြန်ဆုံပြီး စာသင်ရမယ်ဆိုတာ မသိဘူး။ သမီးလိုပဲ ကျောင်းမသွားရတော့တဲ့ သူငယ်ချင်း ၁၁ ယောက်လောက် ရှိသေးတယ်၊ ဆရာမကတော့ အစွမ်းကုန် ကူညီပေးမယ်လို့ ပြောတယ်၊ နောက်နှစ်အထိ စောင့်ရနိုင်တယ်လို့လည်း ပြောတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

မိဘအုပ်ထိန်းသူတွေကတော့ ကလေးတွေ ရုတ်တရက် ကျောင်းထုတ်ခံရလို့ အနာဂတ်အတွက် စိုးရိမ်မိတယ်၊  ထိုင်းကျောင်းမှာ ပညာသင်ခွင့်ရရေးဟာ ကလေးတွေရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတယ်။ ကလေးတွေရဲ့ ဘဝတိုးတက်မြင့်မားရေး၊ ထိုင်းဘာာသာစကားနဲ့ ယဉ်ကျေးမှု သင်ယူရေး၊ ထိုင်းလူမှုအဖွဲ့အစည်းနဲ့ သဟဇာတဖြစ်အောင် နေထိုင်ရေးအတွက် ဖြစ်တယ်။ ကလေးတွေဟာ ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းလာပြီး စခန်းထဲမှာ စာသင်ကျောင်းတွေ ရှိပေမဲ့ ဒုက္ခသည်စခန်းက အောင်လက်မှတ်ဟာ စခန်းပြင်ပမှာ သုံးလို့မရ၊ အသိအမှတ်ပြုမခံရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အဆိုပါကလေးတွေကို ဆက်လက်ပညာသင်ယူခွင့် အခွင့်အရေးပေးဖို့၊ ကျောင်းချိန်အတွင်း စခန်းနဲ့ ကျောင်းကြားမှာ ဘေးကင်းစွာ သွားလာခွင့်ပြုဖို့၊ မိဘတွေအနေနဲ့လည်း ကျောင်းနဲ့ နေအိမ်ကြား မိမိကလေးကို ထိန်းသိမ်းစောင့်ရှောက်မှာဖြစ်ပြီး အစွမ်းကုန် ပညာကြိုးစားသင်ယူမယ်လို့ ကတိပြုကာ ပညာရေးဝန်ကြီးဌာနထိ လိပ်မူပြီး တောင်းဆိုထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ကရင်ဒုက္ခသည်စခန်း Karen Refugee Committee (KRC) မှ ဒေါက်တာ ဟေဆိုသာဂို ကလည်း  စစ်ဘေးရှောင် ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်တွေ  ထိုင်းလူမှုအဖွဲ့အစည်းရဲ့  နေ့စဉ်ဘဝမှာ  ဂုဏ်သိက္ခာရှိစွာနဲ့  လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ဖို့  ပညာရေးပေါင်းစည်းပါဝင်မှုကိုပါ ထည့်သွင်းထားတဲ့ ပိုမိုကျယ်ပြန့်တဲ့ မူဝါဒ ဒါမှမဟုတ်  စီမံချက်တွေရှိသင့်ကြောင်း  ထောက်ပြပါတယ်။ 

ပညာရေး အခွင့်အရေးကို ချန်လှပ်ထားပါက လုပ်ငန်းစဉ် အပြည့်အဝ မဖြစ်နိုင်ကြောင်း၊ စခန်းပြင်ပမှာ အလုပ်လုပ်ကိုင်ခွင့်ပြုသလို စခန်းပြင်ပမှာ ကျောင်းတက်ခွင့်ကိုလည်း ခွင့်ပြုသင့်တယ်လို့  ဆိုပါတယ်။ 

ပညာရေးကဏ္ဍ ပူးပေါင်းပါဝင်ခြင်းဟာ  ဒုက္ခသည်တွေအတွက်သာ အကျိုးရှိတာမဟုတ်ဘဲ အနာဂတ် လုပ်သားဈေးကွက် အဆင်သင့်ဖြစ်မှု၊  အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့  တိုက်ရိုက် ဆက်စပ်နေတာကြောင့် လူအဖွဲ့အစည်း အသိုက်အဝန်းတခုလုံးအတွက်ပါ အရေးကြီးကြောင်း ဒေါက်တာ ဟေဆိုသာဂိုက သတင်းထောက်တွေကို ပြောပါတယ်။

ကလေးတိုင်း ပညာသင်ကြားခွင့်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အခိုင်အမာ ထည့်သွင်းပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

Source:  Transborder News / The Reporter 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013