
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နူရစ္စတန်ပြည်နယ်မှာ ဇူလိုင် ၂၀ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံလို့ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၈၀ နီးပါး ဒဏ်ရာ ရရှိခဲ့ကြကြောင်း တာလီဘန်အစိုးရ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဇူလိုင် ၂၀ ရက်ညအထိ လူ ၁၀၀ ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်ခြေ ရှိတယ်လို့လည်း ဆိုပါတယ်။
အာဖဂန်နစ္စတန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိုဆက်ဖ်ဟမ္မဒ်က ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ထိခိုက်သေဆုံးသူ များပြားခဲ့ကြောင်း X မှာ ပို့စ်ရေးထားပါတယ်။
ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတွေဟာ ရေဘေးသင့်ဒေသတွေကို ရောက်ရှိနေပြီဖြစ်ပြီး ရုပ်အလောင်းတွေ ပြန်လည်ဖော်ထုတ်တာ၊ ဒဏ်ရာရသူတွေကို ကယ်ဆယ်တာနဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေတာတွေ အပါအဝင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှု လေ့လာဆန်းစစ်ချက်တွေ ပြီးစီးပါက ထိခိုက်သေဆုံးမှုနဲ့ အပျက်အစီးပမာဏ ပထမအဆင့် အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ဟမ္မဒ်က ပြောပါတယ်။
အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ဒ် ကလည်း သီးခြား ထုတ်ပြန်ချက်တခုမှာ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး လက်ရှိ ဆောင်ရွက်နေတဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အဆိုအရ နူရစ္စတန်ပြည်နယ်ရဲ့ မြို့တော် ပါရွန်ဟာ ထိခိုက်မှု အဆိုးရွားဆုံးဒေသ ဖြစ်ပြီး မွန်းလွဲပိုင်းမှာ ရုတ်တရက်ရေကြီးမှုကြောင့် နေအိမ်တွေနဲ့ အခြေခံ အဆောက်အအုံ များစွာ ပျက်စီးခဲ့ပါတယ်။
ရေကြီးမှုဖြစ်ပွားချိန်မှာ ငလျင်လှုပ်သလိုမျိုး မြေပြင်တုန်ခါမှုတွေကို ခံစားခဲ့ရကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။
ရေကြီးမှုကြောင့် နေအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေအပြင် ဟိုတယ် ၉ ခုမှ ၁၀ ခုလောက်အထိ ပျက်စီးသွားခဲ့ပါတယ်။
အာဖဂန်နစ္စတန်ဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အထိခိုက်လွယ်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံရဲ့ တချို့ဒေသတွေမှာ မိုးခေါင်ရေရှားမှု ပိုဖြစ်လာသလို တချို့ဒေသတွေမှာလည်း မိုးရွာသွန်းမှု ပိုမိုကြုံတွေ့နေရပါတယ်။
နူရစ္စတန်နဲ့ တခြားပြည်နယ်တွေမှာ သစ်တောပြုန်းတီးမှုတွေကြောင့် မြေဆီလွှာက မိုးရေစုပ်ယူမှုကို နှေးကွေးစေခဲ့တာမို့ စုစုပေါင်း နောက်ပိုင်းဆယ်စုနှစ်တွေမှာ ရုတ်တရက် ရေကြီးရေလျှံမှုကို ပိုမိုဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











